နေပြည်တော် နိုဝင်ဘာ ၂၉
နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာကျေးရွာ ဓမ္မာရုံ၌ ဖွင့်လှစ်သည့် ပုဗ္ဗသီရိမြို့နယ် ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးရေး ပညာပေးသင်တန်း/ဆွေးနွေးပွဲသို့ သွားရောက်ပြီး တောင်သူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် စိုက်ပျိုးရေးသုတေသန(ရေဆင်း) ဆီထွက်သီးနှံဌာနစု တာဝန်ခံ ဒေါက်တာခင်မျိုးဝင်းက နေပြည်တော်အတွင်း နည်းပညာဖြန့်ဝေပေးနေမှု အခြေအနေများ ယခုပညာပေးသင်တန်း/ ဆွေးနွေးပွဲတွင် မျိုးရွေးချယ်နည်း၊ မြေပြုပြင်နည်း၊ စိုက်ပျိုးနည်းများနှင့် ပိုးမွှားရောဂါ ကာကွယ်ရေး နည်းလမ်းများကို ရှင်းလင်းဆွေးနွေးတင်ပြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦးက အထွက်နှုန်းကောင်းသည့် ဆီထွက်သီးနှံ များကို စိုက်ပျိုးပြီး ကျွမ်းကျင်ပညာရှင်များဖြင့် ဆွေးနွေးခြင်းများ၊ သင်တန်းများ ပို့ချခြင်းဖြင့် တောင်သူများအနေဖြင့် များစွာအကျိုးရှိမှာဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးကို သမရိုးကျ မိရိုးဖလာ စိုက်ပျိုးနည်းမှတစ်ဆင့် ခေတ်မီနည်းပညာများဖြင့် စိုက်ပျိုးနိုင်ရေး၊ ရည်မှန်းချက်ပန်းတိုင် အထွက်နှုန်းများရရှိအောင် စိုက်ပျိုးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ဖို့လိုကြောင်း၊ ဆီထွက်သီးနှံများနှင့် အခြားသီးနှံများ စိုက်ပျိုးထားရှိမှု အပြည့်အဝအောင်မြင်အောင် အချိန်မီစိုက်ပျိုးနိုင်ရေးနှင့် ရိတ်သိမ်းနိုင်ရေးကို ဌာနဆိုင်ရာများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းထိန်က နေပြည်တော်တွင် တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများ၊ ဆီထွက်သီးနှံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့် နည်းပညာဖြန့်ဝေပေးမှုအနေဖြင့် သင်တန်းများ၊ ဆွေးနွေးပွဲများ ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် တက်ရောက်လာကြသည့် တောင်သူများက လိုအပ်ချက်များကို တင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တောင်သူများ၏ တင်ပြချက်များနှင့်ပတ်သက်၍ သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ညှိနှိုင်းပေါင်းစပ်ပေးခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ်၊ သစ်တပ်ကျေးရွာအုပ်စု၊ ပင်လောင်းလမ်းဘေး၊ တောင်သူ ဦးကြည်လွင်၏ ကွင်းအမှတ် ၁၆၁၉ ၊ ၀ ဒသမ ၈ ဧကတွင် စပါးသားဆက်လိုင်းများရွေးချယ်ခြင်း စမ်းသပ်ကွက်ပြုလုပ်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးရာ နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းထိန်က စပါးသားဆက်လိုင်းများ ရွေးချယ်ခြင်း စမ်းသပ်ကွက်စိုက်ပျိုးမှုအခြေအနေများ၊ မျိုးရွေးချယ်မှုအခြေအနေများအား ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)