ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ် မဲပေးစက်အသုံးပြုနည်း လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်း ဆောင်ရွက်

ဇမ္ဗူသီရိ နိုဝင်ဘာ ၂၉

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM အသုံးပြု၍ လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီတွင် ဇမ္ဗူသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြည်ထောင်စုနယ်မြေ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်စိုးဝင်းက ရှင်းလင်းဆွေးနွေးခဲ့ပြီး မဲဆန္ဒရှင်ပြည်သူများက လက်တွေ့စမ်းသပ် မဲပေးခြင်း၊ မဲဆန္ဒရှင်များက မဲပေးစက်၏ ထိန်းချုပ်စက် (Control Unit) ကို ကိုင်တွယ်ဆောင်ရွက်ခြင်း၊ မဲပေးစက်မှ ထုတ်ပေးသည့် မဲရလဒ်စာရွက်နှင့် မဲပုံးအတွင်းရှိ မဲလက်မှတ်များကို တိုက်ဆိုင်စစ်ဆေး၍ မဲရလဒ် မှန်/မမှန် စိစစ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

အဆိုပါ လက်တွေ့မဲပေးဆောင်ရွက်ခြင်းအား နံနက်ပိုင်းနှင့် နေ့လယ်ပိုင်း နှစ်ပိုင်းခွဲ၍ ဆောင်ရွက်ရာ ပျဉ်းမနားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုဦး၊ ဇမ္ဗူသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ ရပ်ကွက်/ကျေးရွာ ၉ အုပ်စုမှ အုပ်ချုပ်ရေးမှူးများ၊ အတွင်းရေးမှူးများနှင့် မဲဆန္ဒရှင်ပြည်သူများ စုစုပေါင်း ၄၀၀ ဦး တက်ရောက်ခဲ့ကြသည်။

ဇမ္ဗူသီရိမြို့နယ်အတွင်း ရပ်ကွက်နှင့်ကျေးရွာအုပ်စု ၁၄ ခုရှိရာ မဲပေးနည်းစနစ် MEVM ဖြင့် လက်တွေ့သရုပ်ပြခြင်းများအား နိုဝင်ဘာ ၂၈ ရက်မှ ၃၀ ရက်အထိ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ဟိန်းသူအောင် (ပြန်/ဆက်)