တွံတေး နိုဝင်ဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့ ကျက်သရေဆောင် ဆံတော်ခြောက်ဆူကိန်းဝပ်တော်မူသော ဆံကေသာဓာတု ရွှေဆံတော်စေတီတော်မြတ်ကြီး၌ ကိန်းဝပ်တော်မူသော နှစ်ကျိပ်ရှစ်ဆူကုန်သော ဗုဒ္ဓရုပ်ပွားတော်များ မြို့တွင်းသို့ လှည့်လည်ပူဇော်ပွဲကို ယမန်နေ့ နေလယ် (၂)နာရီက ရွှေဆံတော်စေတီတော်မြတ်ကြီးမှ မြို့ပေါ်(၈)ရပ်ကွက်အတွင်းသို့ လှည့်လည်ပူဇော်ခံခဲ့ကြောင်း သိရသည်။
အဆိုပါ မြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူကုန်သော ဗုဒ္ဓရုပ်ပွားတော်များအား မြို့တွင်းသို့ ကြွချီ၍ ပူဇော်ပွဲကို ရွှေဆံတော်ဂေါပကအဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့ပေါ်(၈)ရပ်ကွက်၊ ရှမ်းစု၊ ညောင်တံခါး၊ ငါးခုမ်းမစမ်းကျေးရွာမိသားစုများက အလှပြမော်တော်ယာဥ်များဖြင့် ဗုဒ္ဓရုပ်ပွားတော် နှစ်ကျိပ်ရှစ်ဆူတို့အား ပင့်ဆောင်ကာ ဒေသခံပြည်သူများ ပူဇော်နိုင်ရန်အတွက် လှည့်လည်ပူဇော်ခံခြင်းဖြစ်ကြောင်း၊ ထိုသို့ နှစ်ကျိပ့်ရှစ်ဆူကုန်သော ဗုဒ္ဓရုပ်ပွါးတော်များ မြို့တွင်းလှည့်လည်စဉ် စေတနာရှင် အလှူရှင်များက ဘုရားရှင်တို့၏ ဂုဏ်တော်ကို ကြည်ညိုသဒ္ဒါပွားကာ ပန်း၊ ဆီမီး၊ ဖရောင်းတိုင်၊ အမွှေးနံ့သာများဖြင့် ပက်ဖြန်းပူဇော်ကြကြောင်းလည်း သိရသည်။
နှစ်ကျိပ့်ရှစ်ဆူကုန်သော ဗုဒ္ဓရုပ်ပွားတော်များမြို့တွင်းသို့ လှည့်လည်ပူဇော်ပွဲကို နှစ်စဉ်ကျင်းပလာခဲ့ရာ ယခုနှစ်တွင် (၄၆)ကြိမ်မြောက် ရှိခဲ့ပြီးဖြစ်ကြောင်း ယခင်နှစ်များကထက် ပိုမိုစည်ကားအောင် မကျင်းပနိုင်သော်လည်း ရှေးအစဥ်အလာမပျက် ကျင်းပခဲ့ကြောင်း သိရှိရသည်။ တွံတေးမြို့ နှစ်ကျိပ်ရှစ်ဆူ မြို့တွင်း လှည့်လည်ပူဇော်ပွဲကို ဒေသခံများသာမက ရပ်ဝေး၊ ရပ်နီးမှပြည်သူများပါ လာရောက် ပူဇော်လေ့ရှိကြောင်း နှစ်ကျိပ်ရှစ်ဆူမြို့တွင်းလှည့်လည်ပူဇော်ပွဲကျင်းပရေကော်မတီဥက္ကဋ္ဌ ဦးအေးကိုထံမှ သိရှိရသည်။
တွံတေးသား