မိုင်းဆတ်မြို့နယ်၌ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း (လူငယ်) ဆင့်ပွားသင်တန်းဖွင့်လှစ်

မိုင်းဆတ် နိုဝင်ဘာ ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၌ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း (လူငယ်) ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအားလွန်က သဘာဝဘေးမကျရောက်မီ ကြိုတင်ကာကွယ်ခြင်း၊ ကြိုတင်ပြင်ဆင်ခြင်းများ ဆောင်ရွက်ထားရန်လိုအပ်ကြောင်း၊ သဘာဝဘေးကျရောက်ချိန်တွင် အရေးပေါ်တုံ့ပြန်ဆောင်ရွက်ခြင်းများနှင့် သဘာဝဘေးကျရောက်ပြီးပါက ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့် စေတနာ့ဝန်ထမ်းတို့ ပူးပေါင်းဆောင်ရွက်မှုများလိုအပ်ကြောင်း၊ သဘာဝဘေးလျော့ပါးရေး သင်တန်းတက်ရောက်ကြသည့် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် စိတ်ပါဝင်စားစွာ သင်ယူကြရန်နှင့် လက်တွေ့အသုံးချနိုင်ကြစေလိုကြောင်း အမှာစကားပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအားလွန်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဌေးမြင့်နှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန္ဒာရွှေတို့က သဘာဝဘေးလျော့ပါးရေး သင်တန်းသား၊ သင်တန်းသူများအတွက် သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ သင်တန်းသား၊ သင်တန်းသူများက လက်ခံရယူကာ ခရိုင်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန္ဒာရွှေက မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီ အတွက် Hand Speaker များပေးအပ်ရာ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအားလွန်က လက်ခံရယူခဲ့ပြီး သင်တန်းကို သင်တန်းသား၊ သင်တန်းသူ(၃၀)ဦးဖြင့် နိုဝင်ဘာလ (၂၈)ရက်နေ့မှ (၃၀) ရက်နေ့အထိ (၃) ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအားလွန်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးမြင့်နှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန္ဒာရွှေနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများတက်ရောက်ကာ စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်းသိရသည်။

မြင့်မောင်(မိုင်းဆတ်)