ညောင်တုန်းမြို့၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့် မဲရုံမှူး၊ ဒုမဲရုံမှူးများအား သရုပ်ပြဆင့်ပွားသင်တန်းဖွင့်လှစ်

ညောင်တုန်း      အောက်တိုဘာ          ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် မဲရုံမှူး၊ ဒုမဲရုံမှူးများအား သရုပ်ပြဆင့်ပွားသင်တန်းကို ယနေ့နံနက် ၉ နာရီက အ-ထ-က (ဆားမလောက်) ၌ ဖွင့်လှစ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးတင်စိုးက ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့် မဲရုံမှူး၊ ဒုမဲရုံမှူးများအား သရုပ်ပြဆင့်ပွားသင်တန်း ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ပြန်/ဆက်ဦးစီးမှူး ဒေါ်တင်တင်လှိုင်နှင့် နယ်မြေ (၃) အုပ်စု ခေါင်းဆောင် ဦးမောင်မောင်သန်းတို့က ဆန္ဒမဲပေးခြင်း၊ မဲရေတွက်ခြင်း၊ မဲရုံမှူး၊ ဒုမဲရုံမှူးများ လုပ်ဆောင်ရမည့်လုပ်ငန်း တာဝန်များ အကြောင်းနှင့်  ပြည်သူများဆန္ဒမဲပေးရာတွင် စနစ်တကျ မဲပေးနိုင်ရေးစသည့်အကြောင်း အရာများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ရွေးကောက်ပွဲနေ့တွင် ဆန္ဒမဲပေးခြင်း၊ မဲရုံလုပ်ငန်းများအကြောင်းကို မဲရုံမှူး၊ ဒုမဲရုံမှူးများ နမူနာအဖြစ်ကြိုတင်လေ့လာနိုင်စေရန် ပရိုဂျက်တာဖြင့် ပြသပေးခဲ့ပြီး မဲပေးပုံ၊ မဲရေတွက်ပုံအဆင့်ဆင့်ကို လက်တွေ့သရုပ်ပြ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

ဝဠာနိုင် (ညောင်တုန်း)