ငွေဆောင် နိုဝင်ဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ ငွေဆောင်ကမ်းခြေ၌ (တန်ဆောင်တိုင်) ရုံးပိတ်ရက်၊ နိုဝင်ဘာလ(၂၅) ရက်နေ့မှစတင်၍ အနယ်နယ်အရပ်ရပ်မှ လာရောက် အပန်းဖြေကြသော ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ငွေဆောင်ကမ်းခြေသည် ပင်လယ်ကမ်းရိုးတန်း ရှည်လျားခြင်း၊ပင်လယ်ရေ ကြည်လင်ခြင်း၊သဲ သောင်ပြင်သန့်ရှင်းခြင်း၊ ဟိုတယ်များဝန်ဆောင်မှု ကောင်းမွန်ခြင်း စသည်တို့ဖြင့် ခရီးသွားဧည့်သည် ဝင်ရောက်မှုများပြားရာ ကမ်းခြေတစ်ခုဖြစ်ပြီး တန်ဆောင်တိုင်ကာလတွင် ငွေဆောင်မြို့ထဲရှိ အမှတ်တရပစ္စည်း အရောင်းဆိုင်များတွင် စျေးဝယ်ယူနေကြသူများ၊ ကမ်းခြေတွင် အပန်းဖြေ၊ ရေကူး၊ လမ်းလျှောက်ကြသူများ၊ အထင်ကရကျွန်းများဖြစ်သော မြွေကျွန်း၊ လိပ်ကျွန်း၊ ငှက် ကျွန်း၊ ချစ်သူများကျွန်း၊ ဆင်မကျွန်း၊ ကျွန်းလျားရှည်၊ ကျောက်မောင်နှမ၊ ဘုရားသုံးဆူနှင့် မိုးမခဆင်စခန်းများသို့ သွားရောက် လည်ပတ်ကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ငွေဆောင်ကမ်းခြေတွင် ခရီးသွားဧည့်သည်များ စိတ်အေးချမ်းပျော်ရွှင်စွာ အနားယူ အပန်းဖြေနိုင်ရေး၊ လုံခြုံမှုရှိစေရေးနှင့် ယာဥ်ကြောပိတ်ဆို့မှု မဖြစ်စေရေးတို့အတွက် မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းဇော် အပါအဝင် မြို့စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မြို့ဌာနဆိုင်ရာများ၊ ရပ်/ကျေး အုပ်ချုပ်ရေးများ၊ ပြည်သူ့စစ်များမှ လမ်းဆုံ၊ လမ်းခွများနှင့် လူစည်ကားရာ နေရာများတွင် လုံခြုံရေးများ ချမှတ်ဆောင်ရွက်လျက်ရှိပြီး ကမ်းခြေ သန့်ရှင်းသာယာလှပရေး၊ ကမ်းခြေတွင် စျေးရောင်းသည့် စျေးသည်များ သတ်မှတ်စည်းကမ်းနှင့် အညီ ရောင်းချမှုရှိစေရေးတို့အတွက် မြို့အုပ်ချုပ်ရေးမှူးဦးသိန်းဇော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့ဌာနဆိုင်ရာများ၊ ကမ်းခြေလုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဝင်များပူး ပေါင်း၍ နေ့စဥ် ကွင်းဆင်းစစ်ဆေး ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
မြို့နယ်