ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်းရှိ မြို့/ရွာများ စိမ်းလန်းစိုပြေစေရေးအတွက် သစ်ပင်များပိုမိုစိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး၊ အင်္ဂလီကန်အသင်းတော်အတွက် ကောက်ဦးအလှူအဖြစ် ဆန်နှင့် အခြေခံစားသောက်ကုန်များ သွား‌ရောက်လှူဒါန်း

မြစ်ကြီးနား နိုဝင်ဘာ ၂၈

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ မြို့/ရွာများ စိမ်းလန်းစိုပြေစေရေးနှင့် သန့်ရှင်းသာယာလှပစေရေး စီမံဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၂၆ ရက် မွန်းလွဲ ၂ နာရီက ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်သည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း စိမ်းလန်းစိုပြေလာစေရေးအတွက် နှစ်စဉ် သစ်ပင်၊ ပျိုးပင်များ လုပ်ငန်းစီမံချက်များရေးဆွဲပြီး စနစ်တကျ ဖြန့်ဝေစိုက်ပျိုးခဲ့ပါကြောင်း၊ သို့ရာတွင် စိုက်ပျိုးပြီး သစ်ပင်များ ရှင်သန်စိမ်းလန်းရေးကိုလည်း ဂရုစိုက်ကြပ်မတ် ဆောင်ရွက်စေခဲ့ပါကြောင်း၊ သစ်ပင်စိုက်ပျိုးခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများကို မိမိတို့နောင်သားစဉ်မျိုးဆက် ခံစားရရှိမည်ဖြစ်သည့်အတွက် မိမိတို့အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများသာမက ပုဂ္ဂလိကသစ်တောစိုက်ခင်းများ တည်ထောင်ပေးခြင်း၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းများ တည်ထောင်ပေးခြင်း၊ လူထုဖြန့်ပျိုးပင်များ ပိုမိုတိုးချဲ့ပျိုးထောင်ခြင်းအပြင် လာမည့် ၂၀၂၄ ခုနှစ် မိုးရာသီအတွင်း ပြည်ထောင်စုလမ်းမကြီး လမ်းဘေးဝဲ/ယာတစ်‌လျှောက် အလေးထားစိုက်ပျိုးနိုင်ရေး ဆွေးနွေးဆောင်ရွက်သွားရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ်သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးဥက္ကာက မြို့/ရွာများ စိမ်းလန်းစိုပြေရေးအတွက် သစ်ပင်များ တိုးမြှင့်စိုက်ပျိုးသွားမည့် အစီအမံများနှင့် ကြိုတင်ဆောင်ရွက်သွားမည့် အစီအစဉ်များကို Power Point ဖြင့် ရှင်းလင်းတင်ပြရာ တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ ပုဂ္ဂလိကပိုင်သစ်တောစိုက်ခင်းတည်ထောင်သူများ၊ ဒေသခံအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းလုပ်ကိုင်သူများက သစ်ပင်များပိုမိုစိုက်ပျိုးနိုင်ရေး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးနိုင်‌ရေး တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က လာမည့် ၂၀၂၄ ခုနှစ်အတွင်း သစ်ပင်အရေအတွက် ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့နှင့်အတူ မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်အတွင်းရှိ အင်္ဂလီကန်ဘုရားကျောင်းသို့ သွားရောက်ပြီး ရိုးရာကောက်သစ်စားပွဲ(အင်လုံအင်နန်ရှား)ပွဲတော်ကာလ ကောက်ဦးအလှူအဖြစ် ဆန်နှင့် အခြေခံစားသောက်ကုန်များ သွားရောက်လှူဒါန်းရာ အသင်းတော်မှ ဆရာတော်များ၊ တာဝန်ရှိသူများနှင့် ရင်းရင်း နှီးနှီးတွေ့ဆုံကာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်၏ စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးစွမ်းအား မြှင့်တင်ဆောင်ရွက်ခဲ့မှုများ၊ စီးပွားရေး၊ လူမှုရေးတိုးတက်မြှင့်မားစေရန် ကြိုးပမ်းဆောင်ရွက်နေမှု အခြေအနေများနှင့် ပြည်နယ်စားရေရိက္ခာဖူလုံပိုလျှံလာစေရေး၊ တည်ငြိမ်အေးချမ်းရေးတို့အတွက် ဆုတောင်းမေတ္တာပို့သခြင်းဖြင့် ကူညီနိုင်ရေး တင်ပြလျှောက်ထားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က အသင်းတော်အတွက် ဆန်အိတ် (၁၀)အိတ်၊ ဆီ (၂၀) ဗူး၊ ကုလားပဲနှင့်ဆား ၁ အိတ်စီ၊ ခေါက်ဆွဲခြောက် ၁၅ ဖာနှင့် ရေသန့် ၂၀ ကဒ်ကို ပေးအပ်လှူဒါန်းခဲ့ရာ အသင်းတော်ဆရာတော်က ဆုတောင်းဆက်ကပ်ကောင်းချီးပေးမှုကို ခံယူခဲ့ကြကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်