အုတ်ဖိုမြို့၌ ၂၀၂၃ ခုနှစ်ပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲအား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းကျန်းမာရေးလုပ်ငန်းကွင်းဆင်းဆောင်ရွက်

အုတ်ဖို နိုဝင်ဘာ ၂၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၌ မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ (၂၀၂၃)အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အ.ထ.ကအုတ်ဖိုတွင် ကျောင်းကျန်းမာရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစိုးသက်ဝင်းနှင့် ကျန်းမာရေးဝန်ထမ်းများက ကျောင်းသားကျောင်းသူများအား ကျောင်းကျန်းမာရေးဆောင်ရွက်ပေးရခြင်း ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားပြီး မျက်စိအမြင်အာရုံစမ်းသပ်ပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကျောင်းကျန်းမာရေး ကဒ်ပြားများ စစ်ဆေးဖြည့်သွင်းပေးခြင်း၊ ကျောင်းကျန်းမာရေး ပညာပေးခြင်း၊ အာဟာရဖွံ့ဖြိုးရေးအစာအုပ်စုများ ခင်းကျင်းပြသခြင်းနှင့် စနစ်မှန်သွားတိုက်ခြင်း သရုပ်ပြလက်တွေ့ပြုလုပ်စေခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်သူ (ပြန်/ဆက်)