စုကလိ နိုဝင်ဘာ ၂၈
ကရင်ပြည်နယ် မြဝတီခရိုင် စုကလိမြို့တွင် တည်ထားကိုးကွယ်လျက်ရှိသော သမိုင်းဝင်ဆံတော်ရှင်မုလအိစေတီတော်နှင့် မုလအိကျောင်း တိုက်တွင် တန်ဆောင်မုန်းလပြည့်နေ့တွင် နှစ်စဥ်ကျင်းပမြဲဖြစ်သော စုပေါင်းမဟာဘုံကထိန်ပွဲအား ယမန်နေ့ နံနက်ပိုင်းအချိန်က စုကလိမြို့ တာနောထကျေးရွာ မုလအိကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ စုပေါင်းပဒေသာပင်များအား ဘုရားကျောင်းတိုက်တွင် လက်ယာရစ်(၃)ကြိမ်လှည့်လည် ပူဇော်ခံခဲ့ကြပြီးနောက် သြကာသ ကန်တော့ချိုးဖြင့် အခမ်းအနားအားဖွင့်လှစ်ခဲ့ကြပြီးနောက် ကထိန်လျာကြာသင်္ကန်းအား မုလအိကျောင်းဆရာတော်နှင့် ဝေါလေမြိုင်မြို့ဦးကျောင်း ဆရာတော်တို့အား ကထိန်ဒါယိကာ ဒါယကာမတို့က ဆက်ကပ်လှူဒါန်းခဲ့ကြပြီးနောက် စုကလိမြို့ရှိ တာအုပ်ထအုပ်စု၊ မိပါးအုပ်စု၊ မဲကုလားအုပ်စုရှိ ဘုန်းတော်ကြီးကျောင်းများအား ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုအစုစုတို့အား ဆက်ကပ်လှူဒါန်းခဲ့ကြပြီးနောက် ဝေါလေမြိုင် မြို့ဦး ကျောင်းဆရာတော်ဘုရားမှ နိဗ္ဗာန်ရောက်ကြောင်း တရားတော်များ ချီးမြှင့်ခဲ့ပြီးနောက် ရေစက်သွန်းချ အမျှပေးဝေခဲ့ပြီး အခမ်း အနားအား ရုပ်သိမ်းခဲ့သည်။
မုလအိဆံတော်ရှင် ဘုရားသို့ တန်ဆောင်မုန်းလပြည့်နေ့တွင် ဘုရားဖူးလာပြည်သူများအား သက်သက်လွတ်ထမင်းဟင်း စတုဒီသာများဖြင့် တည်ခင်းဧည့်ခံကျွေးမွေးကြကြောင်း သိရသည်။
ပိုပိုအောင်