ရန်ကုန် နို၀င်ဘာ ၂၈
နိုဝင်ဘာလ ၂၇ ရက်နေ့သည် တန်ဆောင်မုန်းလပြည့်နေ့(သာမညဖလအခါတော်နေ့)ဖြစ်သည်အားလျော်စွာ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် ဘုရား၊ စေတီများ၌ ကုသိုလ်ဒါနပြုကြသူ ဘုရားဖူးလာပြည်သူများဖြင့် စည်းကားများပြားလျက်ရှိသည်။
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲကကြီးမှူးကျင်းပသည့် ၁၃၈၅ ခုနှစ် တန်ဆောင်မုန်းလပြည့် (သာမညဖလအခါတော်နေ့)အခမ်းအနားကို ယနေ့ နံနက်တွင် စေတီတော်ရင်ပြင်ရှိ သတ်မှတ်နေရာများ၌ ကျင်းပသည်။
ဦးစွာ ရွှေတိဂုံစေတီတော်ရင်ပြင် ဧည့်ခံတန်ဆောင်း၌ ဂေါပကအဖွဲ့၀င်များ၊ ဂေါပကရုံး၀န်ထမ်းများ၊ ဘာသာရေး၀တ်အသင်းအဖွဲ့များက ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ ဆီမီး၊ အမွှေးနံ့သာများဖြင့် ကပ်လှူပူဇော်ကြသည်။
ထို့နောက် ရန်ကုန်ဒေသကြီး၀န်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး၀န်ကြီးများ၊ ဂေါပကအဖွဲ့၀င်များ၊ ဘာသာရေးအသင်းအဖွဲ့များ၊ ဂေါပကရုံး၀န်ထမ်းများနှင့် ဘုရားဖူးလာပြည်သူများက ရွှေတိဂုံစေတီတော်မြတ်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော်များအား ကပ်လှူပူဇော်မည့် ကထိန်ရွှေကြာသင်္ကန်းတော်များ ကိုင်ဆောင်၍ စေတီတော်မြတ်ကြီးအား လက်ယာရစ်တစ်ပတ် လှည့်လည်ပူဇော်ကြပြီး အထက်ပစ္စယံရှိ ပတ္တမြားမျက်ရှင်ရုပ်ပွားတော်မြတ်အား တိုင်းဒေသကြီး၀န်ကြီးချုပ်နှင့် တာ၀န်ရှိသူများကလည်းကောင်း၊ အာရုံခံတန်ဆောင်းမုခ်လေးမုခ်ရှိက ကုသန္ဓ၊ ကောဏာဂမန၊ ကဿပ၊ ဂေါတမမြတ်စွာဘုရားများအား ဂေါပကအဖွဲ၀င်များကလည်းကောင်း ကထိန်ရွှေကြာသင်္ကန်းများ ကပ်လှူပူဇော်ကြသည်။
ယင်းနောက် ရွှေကြာသင်္ကန်းကပ်လှူပူဇော်ပွဲနှင့် ရေစက်ချအခမ်းအနားကို ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ ဆက်လက်ကျင်းပရာ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ သြ၀ါဒါစရိယ၊ ရန်ကုန်တိုင်းဒေသကြီးသံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ အဂ္ဂမဟာကဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္တ၀ါစကပဏ္ဍိတ၊ ဒေါက်တာဘဒ္ဒန္တအဂ္ဂသာမိ ထံမှ ဧည့်ပရိသတ်အပေါင်းတို့က ကိုးပါးသီလ ခံယူဆောက်တည်ကြသည်။
ထို့နောက် သြ၀ါဒါစရိယဆရာတော်ကြီးများအား ဂေါပကအဖွဲ့၀င်များ လှူဖွယ်၀တ္တုများ ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ သြ၀ါဒါစရိယ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၀င် အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္ထ၀ါစကပဏ္ဍိတ၊ ဒွိပိဋကဓရ၊ ၀ိနယဒီဃနိကာယပါဠိပါရဂူ ဘဒ္ဒန္တနာဂိတထံမှ အနုမောဒနာတရားနာကြားပြီ ရေစက်ချ အမျှပေးဝေကြပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ထို့နောက် သြ၀ါဒါစရိယဆရာတော်ကြီးများအား ဂေါပကအဖွဲ့၀င်များက နေ့ဆွမ်း ဆက်ကပ်လှူဒါန်းသည်။ ထို့အတူ ဗ်ိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်၏ (၃၉)ကြိမ်မြောက် မသိုးရွှေကြာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့နံနက်ပိုင်းတွင် အဆိုပါစေတီတော်၌ ကျင်းပရာဂေါပကအဖွဲ့၀င်များက စေတီတော်ပရ၀ဏ်အတွင်းရှိ ဗုဒ္ဓရုပ်တော်မြတ်များအား ကထိန်ရွှေကြာသင်္ကန်းတော် ကပ်လှူပူဇော်ကြသည်။
ထို့နောက် သြ၀ါဒါစရိယဆရာတော်များထံမှ အနုမောတဿတရားနှင့် ရေစက်ချတရားနာယူကြပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
သင်္ဂါယနာသာသနာ့သမိုင်း၀င်သီရိမင်္ဂလာကမ္ဘာအေးစေတီတော်ကြီး၏ (၂၃)ကြိမ်မြောက် မသိုးရွှေကြာသင်္ကန်း ယှဥ်ပြိုင်ရက်လုပ်ကပ်လှူပူဇော်ခြင်းအောင်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် အဆိုပါစေတီတော်များ၌ ကျင်းပသည်။ ဦးစွာဂေါပကအဖွဲ့၀င်များက ကထိန်ရွှေကြာသင်္ကန်းတော်များကို ဗုဒ္ဓရုပ်တော်မြတ်များအား ကပ်လှူပူဇော်ကြသည်။ ညပိုင်းတွင် ဆီမီးများ ထွန်းညှိပူဇော်ကြသည်။
ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ(ကျောက်မဲဆရာတော်) ဘဒ္ဒန္တစန္ဒနသာရထံမှပရိသတ်များက ကိုးပါးသီလ ခံယူဆောက်တည်ကြပြီးသံဃာတော် အရှင်သူမြတ်များ ချီးမြှင့်သည့် အန္တရယ်ကင်းပရိတ်တရားတော်များ နာယူကြသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေး၀န်ကြီး ဦးမောင်မောင်သန်းနှင့် ဂေါပကအဖွဲ့၀င်များက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ(ကျောက်မဲဆရာတော်)ဘဒ္ဒန္တစန္ဒနသာရထံမှ ပရိသတ်များက အနုမောဒနာတရားနာယူပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချ အမျှပေးဝေကြသည်။
အလားတူ မဟာ၀ိဇယစေတီတော်၊ ဆူးလေစေတီတော်၊ ၀ရဒါဌာဓာတုစေတိယစွယ်တော်မြတ်စေတီတော်(ရန်ကုန်)၊ မင်းဓမ္မကုန်းရှိ လောကချမ်းသာအဘယလာဘမမုနိဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ ရွှေဘုန်းပွင့်စေတီတော်၊ ကိုးထပ်ကြီးဘုရား၊ ခြောက်ထပ်ကြီးဘုရား၊ သမိုင်း၀င်ကျိုက္ကစံဆံတော်ရှင်စေတီတော်နှင့် ဆုတောင်းပြည့်မယ်လမုစေတီတော်တို့တွင်လည်း ဂေါပကအဖွဲ့၀င်များက ကြီးမှူး၍ ယမန်နေ့နံနက်ပိုင်းတွင် စေတီတော်နှင့် ဗုဒ္ဓရုပ်ပွားတော်များအား ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ သစ်သီးတို့ဖြင့် ကပ်လှူပူဇော်ကြပြီး ဂေါပကအဖွဲ့၀င်များ၊ ဘာသာရေးအသင်းအဖွဲ့များက တန်ဆောင်မုန်းလပြည့်နေ့ သာမညဖလအခါတော်နေ့အခမ်းအနားများကို ကျင်းပကြ၍ သာမညဖလသုတ္တန်ဒေသနာတော်များကို ရွတ်ဖတ်ကာ မေတ္တာပို့ ဆုတောင်းကြသည်။
တန်ဆောင်မုန်းလပြည့်(သာမညဖလအခါတော်နေ့)တွင် မြန်မာနိုင်ငံတစ်နိုင်ငံလုံးရှိ ဘုရားစေတီများ၌ မသိုးရွှေကြာသင်္ကန်းများ၊ ကပ်လှူပူဇော်ခြင်းများ၊ သာမညဖလအခါတော်နေ့ ပူဇော်ပွဲများ၊ ဗုဒ္ဓဒေသနာတော်ရွတ်ဆိုပူဇော်ပွဲများနှင့် ရပ်ကွက်အလိုက်၊ လမ်းအလိုက် စုပေါင်း၍ မဟာဘုံကထိန်အလှူပွဲများကို စည်းကားသိုက်မြိုက်စွာ ကျင်းပကြသည်။
တန်ဆောင်မုန်းလပြည့်နေ့ မီးထွန်းပွဲတော်တွင်လည်း ရုံးများ၊ ပန်းခြံများ၊ ရပ်ကွက်၊ လမ်းနှင့်လူနေအိမ်များ၌ လျှပ်စစ်ရောင်စုံမီးအလှများ၊ ဆီမီးခွက်များ၊ ဖယောင်တိုင်မီးများ ထွန်းညှိပူဇော်ခြင်းတို့ကိုလည်း ပြုလုပ်ကြပြီး လမ်းအလိုက် နိဗ္ဗာန်စျေးပွဲတော်များကို ကျင်းပကြရာ အလှူရှင်များ၊ အားပေးစားသုံးသူများဖြင့် စည်းကားလျက်ရှိသည်။
ထို့အတူ ပြည်သူ့ရင်ပြင်၊ မဟာဗန္ဓုလပန်းခြံ၊ သခင်မြပန်းခြံနှင့် အင်းလျားကန်ပေါင်တို့တွင်လည်း ပြည်သူ့များသည် မိသားစုအလိုက်၊ လူငယ်များကလည်း သူငယ်ချင်းအပေါင်းအသင်းအလိုက် အပန်းဖြေအနားယူလျက်ရှိကြပြီး ညပိုင်းတွင် အချက်အချာကျသည့် နေရာများတွင် ရောင်စုံမီးအလှများကို ပုံစံမျိုးစုံဖြင့် မီးရောင်စုံများ ထွန်းညှိထားလျက်ရှိသည်။
အောင်မြင့်(ပြန်/ဆက်)