စဉ့်ကိုင် နိုဝင်ဘာ ၂၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community centre) ခန်းမတွင် ကျောင်းသား/သူ ကလေးငယ်များ စာပေနှင့်ထိတွေ့၍ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်၊ အသိပညာ ဗဟုသုတများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးများ ထက်မြက်လာစေရန်၊ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ အစုအဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရှိလာစေရန်နှင့် သွက်လက်ထက်မြတ်သော ကလေးများ ဖြစ်ပေါ်လာစေရေးတို့ကို ရည်ရွယ်၍ ကဗျာရွတ်ပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲများကို ယနေ့နံနက် ၁၀:၀၀နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်စန္ဒာအေးအောင်က ပြိုင်ပွဲစည်းကမ်းများနှင့် ပြိုင်ပွဲများ ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ကသဲစု အခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းသား/သူ (၂၀ )ဦးတို့က ပါ၀င်ယှဉ်ပြိုင်ခဲ့ကြသည်။
ပြိုင်ပွဲများ ကျင်းပပြီးနောက် ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းနှင့် ဒုတိယဦးစီးမှုး ဒေါ်စန္ဒာအေးအောင်တို့က ဆုရရှိသော ကျောင်းသား/သူများအား ပုံဆွဲစာအုပ်၊ ကျောင်းသုံးဗလာစာအုပ်နှင့်ရောင်စုံ ခဲတံဗူးများကို အမှတ်တရလက်ဆောင်အဖြစ် ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ကျောင်းသား/သူလေးများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ဝင်တစား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ကျော်စွာ ( စဉ့်ကိုင်)