မြစ်သားမြို့နယ်တွင် သမိုင်းဝင်ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ (၈၆) ကြိမ်မြောက် စာရေးတံမဲ၊ မဟာဒုတ် မဲလှူဒါန်းခြင်းနှင့် အရှေ့ဘက်မုခ်ဦးပြသာဒ် ရွှေထီးတော်လှူဒါန်းပူဇော်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

မြစ်သား နိုဝင်ဘာ ၂၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့တွင် သမိုင်းဝင်ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး ၏ ၁၃၈၅ ခုနှစ် (၈၆) ကြိမ်မြောက် တန်ဆောင်တိုင်ပွဲတော်နှင့် စာရေးတံမဲ၊ မဟာဒုတ်မဲ လှူဒါန်းခြင်းနှင့် အရှေ့ဘက်မုခ်ဦးပြသာဒ်ရွှေထီးတော် လှူဒါန်းပူဇော်ပွဲကို ယမန်နေ့ နံနက်ပိုင်း ရွှေမုဋ္ဌောဘုရား နန်းအိမ်သူဓမ္မဗိမ္မာန်အတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပူဇော်ပွဲ ကျင်းပခြင်းကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ပေးခဲ့ရာ မင်းကျောင်းပရိယတ္တိ  စာသင်တိုက်မှ   ဆရာတော်   ဒေါက်တာ  ဘဒ္ဒန္တဝေဠုရိယ  ‌ဟောကြားခဲ့သော   အနုမောဒနာ တရားတော်များနှင့် သရဏဂုံနှင့် (၈) ပါးသီလ ချီးမြှင့်တော်မူခဲ့ပြီး ကြွရောက်တော်မူသော သံဃာတော်များမှ မေတ္တာသုတ်ပရိတ်တော်များကို ရွတ်ဖတ်သရဇ္စျာယ်ကြ၍ မင်းကျောင်းဆရာတော်ကြီးမှ လှူဒါန်းမှု အစုစုတို့အတွက် အနုမောဒနာပြု၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြရာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းလိုက်သည်။ ဆက်လက်၍ ရွှေမုဋ္ဌောဘုရား ဂေါပကနာယက ဦးတင်ဦးမှ မဟာဒုတ်စာရေးတံမဲဖွင့်လှစ်ခြင်းကို ရှင်းလင်း ပြောကြားပြီး စာရေးတံမဲ ဖွင့်လှစ်ရာ၌ အလှူရှင်များ နေရာယူပေးကာ စာရေးတံမဲ ဖွင့်လှစ်ကပ်လှူရန် ပင့်သံဃာ တော်များအား ပဒေသာပင် (၆၈)ပင် အလှူရှင်များနှင့် မဲပေါက်သံဃာတော်များကို တွဲဖက်၍ ကြေငြာပေးခဲ့သည်။

အဆိုပါ စာရေးတံမဲမဟာဒုတ်မဲ လှူဒါန်းခြင်းနှင့် ရွှေထီးတော်လှူဒါန်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးခိုင်နှင့် အဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာ အကြီးအကဲများ ၊ ရွှေမုဋ္ဌောဘုရားမှ အကျိုးတော်ဆောင် ဂေါပကအဖွဲ့များ၊ ရပ်မိရပ်ဖများ၊ မြို့ပေါ်(၆)ရပ်ကွက်ရှိ ပြည်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ မော်တော်ယာဥ်လိုင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ဒေသခံ ပြည်သူများက တက်ရောက်ပူဇော်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ဝင်းမင်းထွန်း(မြစ်သား)