တောင်ဥက္ကလာပ နိုဝင်ဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ဥက္ကလာပစေတီတော်၊ ရှေးဟောင်းခုနှစ်ဆူဘုရားနှင့် အောင်တော်မူစေတီ (၂၀)ကြိမ်မြောက် တန်ဆောင်တိုင်ပွဲတော်နှင့် (၁၃)ကြိမ်မြောက် မသိုးရွှေကြာသင်္ကန်းရက်လုပ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၄း၃၀)နာရီအချိန်က ဥက္ကလာပစေတီတော်၏အောင်မြေနေရာ၌ ကျင်းပခဲ့ကြသည်။
ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုစတင်ဖွင့်လှစ်ခဲ့သည်။ ထို့နောက် သင်္ဃန်းကျွန်းခရိုင် ရဲတပ်ဖွဲမှူးဒုတိယရဲမှူးကြီးလှသိန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဥက္ကလာပစေတီတော်ဂေါပကအဖွဲ့ဥက္ကဋ္ဌဒေါက်တာအေးကိုက တန်ဆောင်မုန်းလတွင် မသိုးရွှေကြာသင်္ကန်းရက်လုပ်ပြိုင်ပွဲကျင်းပ၍ မြတ်စွာဘုရားအား ကပ်လှူပူဇော်ပုံသမိုင်းအကျဉ်းကို ရှင်းလင်းတင်ပြခဲ့ပါသည်။
အဆိုပါ မသိုးရွှေကြာသင်္ကန်းရက်လုပ်ပြိုင်ပွဲအခမ်းအနားကို သင်္ဃန်းကျွန်းခရိုင်ရဲတပ်ဖွဲမှူး ဒုတိယရဲမှူးကြီး၊ တောင်ဥက္ကလာပမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်သာသနာရေးမှူး၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်စည်ပင်သာယာရေးမှူး၊ စေတီတော်ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် ဂေါပကအဖွဲ့ဝင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်၍ ရက်ကန်းပြိုင်ပွဲဝင်အဖွဲ့ဝင်များက နေရာယူယှဉ်ပြိုင်ခဲ့ကြောင်း သတင်းရရှိသည်။
သီတာအေး(ပြန်/ဆက်)