သထုံ နိုဝင်ဘာ ၂၈
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သည့် တန်ဆောင်မုန်းလပြည့်(သာမညဖလအခါတော်နေ့)၌ စတုဒိသာ လှူဒါန်းကျွေးမွေးသူ များပြားပြီး ပြည်သူများ ပျော်ရွှင်အေးချမ်းစွာဖြင့် ကုသိုလ်ဒါနပြုခဲ့ကြကြောင်း သိရသည်။
သထုံမြို့နယ်အတွင်းရှိ သထုံမြိုနှင့် သုဝဏ္ဏဝတီမြို့တို့၏ ရပ်ကွက်အသီးသီးတို့တွင် တစ်ဦးချင်းနှင့် အဖွဲ့အလိုက် မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ အကြော်စုံ၊ ထမင်းနှင့် သီးစုံပဲဟင်း စသည့် ရိုးရာစားသောက်ဖွယ်ရာမျိုးစုံတို့ကို နေရာအနှံ့အပြား၌ တန်ဆောင်မုန်းလပြည့်နေ့အလှူအဖြစ် ကျွေးမွေးလှူဒါန်းကြရာ ပြည်သူအများအပြားတို့ အေးချမ်းပျော်ရွှင်စွာ လာရောက်စားသောက်ခဲ့ကြသည်။
သထုံမြို့နယ်၌ တန်ဆောင်မုန်းလပြည့်နေ့တွင် မြို့၏ကျက်သရေဆောင် လေးဆူဓာတ်စံရွှေစာရံစေတီတော်မြတ်ကြီး၌ ပြည်သူအပါင်းတို့က သံဃာတော်နှင့် သီလရှင်များအား ဆွမ်းဆန်စိမ်းနှင့် စာရေးတံမဲများကို မြို့လုံးကျွတ် စည်ကားသိုက်မြိုက်စွာ လောင်းလှူကျင်းပခြင်း၊ တန်ခိုးကြီးဘုရားများ၌ ရေသပ္ပါယ်ခြင်း၊ ပန်း၊ ဆီမီး အမွှေးနံသာများ ကပ်လှူခြင်း၊ ဇီဝိတဒါန ငါးလွှတ်ခြင်း၊ ဘုန်းတော်ကြီးကျောင်းများ၌ ဥပုသ်သီလ ဆောက်တည်ခြင်းတို့ဖြင့် အေးချမ်းစွာ ကုသိုလ်ကောင်းမှုပြုကြပြီး လပြည့်နေ့ စတုဒီသာကျွေးမွေးလှူဒါန်းသူ အများအပြားရှိကြောင်း တွေ့ရသည်။
ခရိုင်(ပြန်/ဆက်)