နမ့်ဆန် နိုဝင်ဘာလ ၂၈
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၊ မြို့မဂိုဏ်းချုပ်ကျောင်းတိုက်၌ (၇၅)ကြိမ်မြောက် မြို့လုံးကျွတ် စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဆရာတော်၊ သံဃာတော်များ ဓမ္မသဘင်ခန်းမဆောင်သို့ ကြွရောက်နေရာယူ သီတင်းသုံးတော်မူပြီး၊ မြို့မဂိုဏ်းချုပ်ကျောင်းတိုက် ဩဝါဒါစရိယ ဆရာတော်ကြီးမှဦးဆောင်၍ မြတ်စွာဘုရားရှင်အား ဆွမ်းတော်၊ ပန်းတော်၊ ရေချမ်းတော်၊ ဆီမီးတော် ကပ်လှူပူဇော်ပေးတော်မူခဲ့သည်။ ထို့နောက် သုံးလောကထွဋ်တင် သဗ္ဗညုမြတ်စွာဘုရားရှင်အား ကန်တော့ခြင်း၊ မြို့မဂိုဏ်းချုပ်ကျောင်းတိုက် ဩဝါဒါစရိယ ဆရာတော်ဘုရားကြီးနှင့် ဆရာတော်သံဃာတော်များအား ဩကာသကန်တော့ချိုးဖြင့် ညီညာဖြဖြကန်တော့ကြခြင်းနှင့် ဆရာတော်ကြီးထံမှ သရဏဂုံ(၃)ပါးနှင့်တကွ ငါးပါးသီလခံယူဆောက်တည်ပြီး၊ ဆရာတော်ကြီးထံမှ သာသနာ့နွယ်ဝင် သီလရှင် ဆရာကြီး/ဆရာလေးများက သရဏဂုံ(၃)ပါးနှင့်တကွ ရှစ်ပါးသီလခံယူဆောက်တည်ကြသည်
ဆက်လက်ပြီး အဓိဌာန်ဆီမီး(၆)တိုင် ထွန်ညှိပူဇော်ကြရာ (က)မြို့နယ်ဩဝါဒါစရိယဆရာတော်ဘုရားကြီး၊ (ခ)နမ့်ဆန်မြို့နယ်၊ ငွန်ဆိုင်းကျေးရွာအုပ်စု၊ လွယ်ခမ်းကျေးရွာမှ တာပလိန်း၊ (ဂ)ပလောင်ကိုယ်ပိုင်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ တာသိန်းဇော်၊ (ဃ)အမှတ်(၁၀၁)ခြေမြန်တပ်မဌာနချုပ်မှ တပ်မမှူး၊ (င)မြို့နယ်ဗုဒ္ဓသာသနာ့ဂေါပကအဖွဲ့နာယက ဦးထွန်းကျော်နှင့် မြို့နယ်ဗုဒ္ဓသာသနာ့ဂေါပကအဖွဲ့ဥက္ကဋ္ဌတို့မှ ဆီမီးထွန်းညှိပူဇော်ခဲ့ကြသည်။ (၇၅)ကြိမ်မြောက် မြို့လုံးကျွတ် စုပေါင်းမဟာဘုံကထိန်အလှူတော်တွင် လှူဒါန်းသည့် ဉတ်သင်္ကန်းကို ကထိန်သင်္ကန်းအဖြစ် ဆောင်ရွတ်ရန် ပန်ကြားချက် ပါဌိကာထာကို မြို့နယ်သံဇဆရာတော်မှ ချမှတ်ပေးတော်မူရန်နှင့် ကထိန်လျာသင်္ကန်းကို အလှူရှင်များကိုယ်စား ဂေါပကအဖွဲ့ဥက္ကဌ ဦးမောင်ကျော်မှ ကိုင်ဆောင်ဆက်ကပ်သည်။ ထို့နောက် ဆရာတော် သံဃာတော်များက ကထိန်အလှူခံပုဂ္ဂိုလ် ရွေးချယ်တော်မူရန်နှင့် ခဏ္ဍသိမ်သို့ ကြွရောက်တော်မူ၍ ဉတ်သင်္ကန်းကို ဉတ္တိဒုတိယကမ္မဝါစာဖြင့် ဆောင်ရွက်တော်မူနေစဉ် မြို့မဂိုဏ်းချုပ်ကျောင်းတိုက် (အကျိုးတော်ဆောင်)ဆရာတော်က ကထိန်တရားတော်ကို ဟောကြားချီးမြှင့်ပေးတော်မူခဲ့သည်။
ထို့နောက် ဉတ်သင်္ကန်းကို ဆရာတော်သံဃာတော်များက အနုမောဒနာပြုပြီး၊ မြို့နယ်သံဃဝန်ဆောင်ဆရာတော်မှ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချဒေသနာ ချီးမြှင့်တော်မူသည်။ ရတနာတော်မြတ်(၃)ပါးကို ကန်တော့ကာ ဆရာတော်သံဃာတော်များအား ထေရ်စဉ်အလိုက်ပင့်၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)