တောင်တွင်းကြီးမြို့နယ်တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်(အကြို) စာစီစာကုံးပြိုင်ပွဲ ကျင်းပ

တောင်တွင်းကြီ နိုဝင်ဘာ ၂၈

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့မအခြေခံပညာအလယ်တန်းကျောင်းတို့ ပူးပေါင်း၍ မျိုးဆက်သစ်လူငယ်များ အမျိုးသားနေ့ပေါ်ပေါက်လာပုံနှင့် အမျိုးသားနေ့နှင့်ပတ်သတ်သည့် အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ တန်ဆောင်မုန်းလပြည့်ကျော် (၁၀)ရက်နေ့တွင် ကျရောက်မည့် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်(အကြို) စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်အေးမိုးမိုးမြင့်က ကျောင်းသား၊ ကျောင်းသူလူငယ်များအနေဖြင့် အများနှင့်ပူးပေါင်းဆောင်ရွက်တက်စေရန်၊ ကောင်းသောယှဉ်ပြိုင်လိုစိတ်များရှိစေရန်၊ စာကြည့်တိုက်သို့ စဉ်ဆက်မပြတ် ဝင်ထွက်သွားလာတက်သည့် အလေ့အထများ ဖြစ်ပေါ်စေရန်နှင့် အမျိုးသားအောင်ပွဲနေ့နှင့်ပတ်သက်သည့် ဗဟုသုတများအား လေ့လာသိရှိနိုင်စေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် စာစီစာကုံးပြိုင်ပွဲအား ဆက်လက်ကျင်းပရာ မြို့မအခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၁၂) ဦးက အမျိုးသားအောင်ပွဲနေ့နှင့်ပတ်သက်သည့် အကြောင်းအရာများအား မိမိတို့ကြိုက်နှစ်သက်ရာ ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား အခမ်းအနားပြုလုပ်၍ ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်နောင်စိုး(ပြန်/ဆက်)