ပဲခူး နိုဝင်ဘာ ၂၈
ပဲခူးမြို့၊ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ (၄၂)ကြိမ်မြောက် မသိုးသင်္ကန်း ရက်လုပ်လှူဒါန်းပူဇော်ပွဲနှင့် တန်ဆောင်တိုင်မီးပုံပျံလွှတ်တင်ပူဇော်ပွဲအခမ်းအနားအား နိုဝင်ဘာလ(၂၆) ရက်နေ့ ညပိုင်းအချိန်က ကျင်းပပြုလုပ်ခဲ့ရာ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်နှင့် အလှည့်ကျဂေါပကအဖွဲ့ဝင်တို့က (၄၂)ကြိမ်မြောက် မသိုးသင်္ကန်း ရက်လုပ်လှူဒါန်းပူဇော်ပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ပြိုင်ပွဲဝင်ယက္ကန်းအဖွဲ့များ စတင်ရက်လုပ်နိုင်ရေး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မင်္ဂလာမောင်း (၃)ချက်တီးပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးတို့က ယှဉ်ပြိုင်ရက်လုပ်နေသည့် ဂေါတမီစင်တော်၊ ယသော်ဓရာစင်တော်၊ ဝိသာခါစင်တော်၊ ရှင်စောပုစင်တော်၊ ရာဇဓာတုကလျာစင်တော်နှင့် သုဇာတစင်တော် ယက္ကန်းအဖွဲ့များမှ မသိုးသင်္ကန်း ရက်လုပ်နေမှုတို့အား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။
ယင်းနောက် ညပိုင်း၌ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံ လွှတ်တင်ပူဇော်ပွဲအား ဆက်လက်ကျင်းပပြုခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတန်ဆောင်တိုင်ပွဲတော်စာတမ်းများ စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံလွှတ်တင်ပူဇော်ပွဲအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။ တစ်ဆက်တည်း ရောင်စုံမီးပုံးပျံအသေး (၆၀၀)နှင့် မီးပုံပျံအကြီး (၅)လုံးတို့အား လွှတ်တင်ပူဇော်ခဲ့ကြသည်။
၎င်းနောက် ပဲခူးတန်ဆောင်တိုင် မီးပုံးပျံလွှတ်တင်ပူဇော်ပွဲသို့ လာရောက်ကြသည့် ဧည့်ပရိတ်သက်များအား နိုင်ငံကျော်အဆိုတော်များက တေးသီချင်းများဖြင့် ပျော်ရွှင်စွာ သီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြရာ ဆုတောင်းပြည့်ရွှေမော်ဓောဘုရားဝန်းအတွင်း စည်ကားလျက်ရှိကြောင်းနှင့် ရွှေမော်ဓောဘုရားလမ်းတစ်လျှောက် တန်ဆောင်တိုင်ပွဲတော်ကာလအတွင် MSMEs ထုတ်ကုန်အရောင်းဆိုင်ခန်းများ၊ ပွဲဈေးတန်းများ ရောင်းချပေးလျက်ရှိရာ ဈေးဝယ်သူ/ဈေးရောင်းချသူများနှင့် စည်ကားများပြားလျက်ရှိကြောင်း သိရှိရသည်။
နိုဝင်ဘာလ(၂၇)ရက်နေ့၊ အာရုံတက်အချိန်တွင် ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီးအား လင်္ကျာရစ်သုံးပတ်ပတ်၍ လှည့်လည်ပူဇော်ပြီး ပြိုင်ပွဲဝင်စင်များမှ မသိုးသင်္ကန်းရက်လုပ်ခဲ့သည့် မသိုးသင်္ကန်းများအား ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး မုခ်အသီးသီးရှိ ဘုရားဆင်းတုတော်များအား တာဝန်ရှိသူများက ဆက်ကပ်လှူဒါန်းပေးခဲ့ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)