မော်လမြိုင်မြို့၌ ရိုးရာဓလေ့ ရှင်ဥပဂုတ္တမထေရ်မြတ်အား ဆွမ်းအိုးမျှောကပ်လှူပွဲနှင့် စတုဒီသာ ကျွေးမွေးမှုများဖြင့် စည်ကား

မော်လမြိုင် နိုဝင်ဘာ ၂၈

မွန်ပြည်နယ် မော်လမြိုင်မြို့နယ်အတွင်းရှိ တန်ခိုးကြီးဘုရားများ၏ ဗုဒ္ဓပူဇနိယပွဲတော်များကို နှစ်စဉ် အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ  တန်ဆောင်မုန်းလပြည့် (သာမညဖလအခါတော်နေ့)မတိုင်မီ အဖိတ်နေ့နှင့် လပြည့်နေ့တို့တွင် ဆီမီးများထွန်းညှိပူဇော်ခြင်း၊ တန်ဆောင်မုန်းလပြည့်နေ့ နံနက် အရုဏ်တက်ချိန် ရှင်ဥပဂုတ္တမထေရ်မြတ်အား ဆွမ်းအိုးမျှောကပ်လှူပူဇော်ခြင်းနှင့် မြန်မာလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့တစ်ခုဖြစ်သည့် အခါကြီး ရက်ကြီးတွင် ဘုရားဖူးပြည်သူများ၊ ခရီးသွားပြည်သူများ အာဟာရဒါန စတုဒိသာများဖြင့် ရပ်ကွက်နှင့် ကျေးရွာလမ်းများ၊ တောင်ရိုးတန်းတလျှောက်တွင် ဧည့်ခံကျွေးမွေးခြင်းဖြင့် ကုသိုလ်ယူကြသည်။

နှစ်စဥ် တန်ဆောင်မုန်းလပြည့်နေ့မှာ ရိုးရာဓလေ့ဖြစ်သော တောင်သမုဒ္ဒရာမှာနေတဲ့ ရှင်ဥပဂုတ္တမထေရ်မြတ်အား ရည်မှန်းကာ ပူ​ဇော်​ပွဲများ ကျင်းပခဲ့ပြီး ဆွမ်းမမျှောခင် မြစ်ကမ်းဘေးစံကျောင်းအတွင်းမှာ အရှင်မြတ်အား ဆပ်ကပ်လှူဒါန်း ဘေးကင်းကျန်းမာဖို့ စတဲ့ လိုရာ ဆုတောင်းမှုပြုဖို့ လာရောက်ခဲ့တာပါဟု ဒေသခံတစ်ဦးဖြစ်သူ ​​​​​​ဒေါ်မြသန်းက ပြောကြားသည်။ တာဝန်ရှိသူများကလည်း ကမ်းနားလမ်းတလျောက် အများပြည်သူများ အလွယ်တကူ ဆွမ်းအိုးမျှောနိုင်အောင် ကျောင်းဆောင်နေရာ၊ မျှောရမည့်နေရာတို့ကို စီစဥ်ပေးထားကြသည်။

ပြည်သူများ စိတ်နှလုံးအေးချမ်းစွာဖြင့် ကုသိုလ်ယူနိုင်ကြစေရန်ရည်ရွယ်၍ တန်ခိုးကြီးဘုရားများဖြစ်သည့် ကျိုက်သလ္လံစေတီတော်၊ ဦးဇိနစေတီတော်၊ မဟာမြတ်မုနိဘုရားအပါအဝင် အစရှိသည့် ဘုရားပုထိုးစေတီများတွင် ရပ်နီးရပ်ဝေးမှ ရဟန်းရှင်လူ ပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်၍ ကုသိုလ်ဘာဝနာတရား ပွားများ နာယူလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)