ဇလွန် နိုဝင်ဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့ မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီး၌ (၅၂) ကြိမ်မြောက် မသိုးသင်္ကန်းတော်မြတ် ရက်ချုပ်ပြိုင်ပွဲနှင့် တန်ဆောင်တိုင်မီးထွန်းပူဇော်ပွဲ ဖွင့်ပွဲကို နိုဝင်ဘာ (၂၆)ရက်နေ့ည ၇ နာရီတွင် ပြည်တော်ပြန် မြတ်စွာဘုရားကြီး ကိုးဘုံတန်ဆောင်းတော်ကြီးအတွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီး ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက ဘုရားကြီးတွင် မသိုးသင်္ကန်းလှူဒါန်းခွင့်ရတဲ့အလှူရှင်များ၊ သင်္ကန်းတော်ကို ရက်ချုပ်ပေးကြသော ရက်ကန်းအဖွဲ့များ၊ စက်ချုပ်အဖွဲ့များ၊ ကူညီပံ့ပိုး စီစဥ်ဆောင်ရွက်ပေးသော သူများသည် ရခဲလှသောအခွင့်အရေး၊ ဂုဏ်ယူစရာကောင်းသော အခွင့်အရေးများကို ရကြတာဖြစ်ကြောင်း၊ မသိုးသင်္ကန်း ရက်လုပ်ကပ်လှူပူဇော်ပွဲသည် အမျိုးသားအမွေအနှစ် ဖြစ်သည့် ရက်ကန်းပညာနှင့် ဗုဒ္ဓဘာသာယဥ်ကျေးမှုကို မတိမ်ကော မပပျောက်အောင် ထိမ်းသိမ်းရာရောက်သော ကုသိုလ်ပွဲဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ယင်းနောက် ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ဖွင့်ပွဲအခမ်းအနား ပြီးမြောက်ခဲ့သည်။
ယင်းနောက် မသိုးသင်္ကန်းတော်မြတ် ရက်ချုပ်အကဲဖြတ်ဒိုင် အတွင်းရေးမှူး ဦးသန်းထွန်းက ပြိုင်ပွဲစည်းကမ်းချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက မသိုးသင်္ကန်းတော်မြတ် ရက်ချုပ်ပြိုင်ပွဲ စတင်နိုင်ရန် အချက်ပေးခေါင်းလောင်း တီးခတ်ပေးခဲ့ရာ ကိန္နရီစင်တော်၊ သဗ္ဗူလစင်တော်၊ မယ်မဒ္ဒီစင်တော်၊ အမရာစင်တော် တို့မှစတင်ရက်ချုပ်ပြိုင်ခဲ့ကြပြီး ဇလွန်မြို့မာရ်အောင်မြင်ပြည်တော်ပြန်မြတ်စွာဘုရားကြီးတွင် တန်ဆောင်တိုင်မီးထွန်းပူဇော်ပွဲကို တန်ဆောင်မုန်းလဆန်း ၁၄ ရက်နေ့မှ လပြည့်ကျော် တစ်ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝေယံ - ဇလွန် (ပြန်/ဆက်)