မိုးကုတ်မြို့၌ ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းတည်ထားကိုးကွယ်ခဲ့သော အောင်ထွဋ်ခေါင် ဓာတ်ပေါင်းစုစေတီတော်အား ဘုရားအနေကဇာတင်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

မိုးကုတ် နိုဝင်ဘာ ၂၈

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့၌ ရှေးယခင်ကတည်းက ဌာနဆိုင်ဝန်ထမ်းများ စုပေါင်းတည်ထား ကိုးကွယ်ခဲ့သော မြို့မရပ်ကွက်၊ ဗိုလ်ကုန်းရပ်ရှိ အောင်ထွဋ်ခေါင် ဓာတ်ပေါင်းစုစေတီတော်အား ပြန်လည်ပြုပြင် မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးဖြစ်၍ ဘုရားအနေကဇာတင်ခြင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က အဆိုပါစေတီတော်အတွင်း၌  ကျင်းပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားသို့ မိုးကုတ်မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဘုံသာကျောင်းတိုက် ဦးစီးပဓာနနာယက ဘဒ္ဒန္တဉာဏဝံသက ဦးစီးဦးဆောင်ပြုလုပ်၍ ပင့်သံဃာ(၃၆)ပါးတို့က ဘုရားအနေကဇာတင်ခြင်းနှင့် ရေစက်သွင်းချတရားတော်များချီးမြင့်ခဲ့ကြသည်။

ဆက်လက်၍ သံဃာတော်အရှင်သူမြတ်(၃၆)ပါးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးအောင်မြင့်ကျော်နှင့် အဖွင့်ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းမိသားစုများ၊ မြို့နယ်ကြက်ခြေနီအသင်း၊ မြိုနယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့တို့က ဆွမ်းဆန်စိမ်း၊ လှူဖွယ်ပစ္စည်းများနှင့်ဝတ္ထုငွေများကို စေတနာသဒ္ဒါတရားထက်သန်စွာဖြင့် ကုသိုလ်ပြုလောင်းလှူခဲ့ကြကြောင်း သိရသည်။

ကြည်ကြည်နွဲ့(ပြန်/ဆက်)