ကျွန်းစုမြို့တွင် (၃၅)​ ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာ ကျင်းပ

ကျွန်းစု နိုဝင်ဘာ ၂၈

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးမှူး၍  (၃၅) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနားကို ယနေ့ နံနက် (၉) နာရီ အချိန်က ကျွန်းစုမြို့ အမှတ်(၃) ရပ်ကွက်ရှိ သီရိမင်္ဂလာကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စုပေါင်းမဟာဘုံကထိန် သင်္ကန်းကပ်လှူပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မြို့သူမြို့သားများက နမောတဿ (၃) ကြိမ် ရွတ်ဆို၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ပြီး ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြကာ ကထိန်သင်္ကန်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် ဆရာတော်ထံမှ လှူဒါန်းမှု အစုစုတို့အတွက် သာဓုအနုမောဒနာတရား နာယူ၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃) ကြိမ် ရွတ်ဆိုကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

အဆိုပါ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနားသည် ကျွန်းစုမြို့နယ်တွင် နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်လျက်ရှိပြီး မြန်မာ့ဓလေ့ထုံးတမ်း အစဉ်အလာနှင့်အညီ စည်ကား သိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်နိုင်ခဲ့သည်မှာ ယခုနှစ်တွင် (၃၅) ကြိမ်ထိ ရှိပြီဖြစ်ကြောင်း၊ စုပေါင်းမဟာဘုံကထိန် ပဒေသာပင် လှည့်လည်ပွဲကို ယမန်နေ့ မွန်းလွဲ (၂) နာရီအချိန်က မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်များမှ စုပေါင်းလှူဒါန်းသော ဘုံကထိန် ပဒေသာပင် (၂၆) ပင်၊ ကထိန်လျာသင်္ကန်း၊ သင်္ကန်းပရိက္ခရာများ၊ လှူဖွယ်ဝတ္တုပစ္စည်းများအား မော်တော်ယာဉ်များ ပေါ်တင်ဆောင်၍ အိုးစည်ဒိုးပတ် အတီးအမှုတ် အကအခုန်များဖြင့် မြို့အတွင်း လှည့်လည်ကာ သီရိမင်္ဂလာကျောင်းတိုက်သို့ ပို့ဆောင်ခဲ့ကြကြောင်း၊ ယနေ့တွင် (၃၅) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတွင် ဘုံကထိန်ပဒေသာပင် (၂၆) ပင်မှ ငွေသားတန်ဖိုး (၉,၁၂၅,၅၀၀ ကျပ်)နှင့် ပစ္စည်းတန်ဖိုး (၅,၂၆၄,၆၀၀ကျပ်)၊ စုစုပေါင်းတန်ဖိုး (၁၄,၃၉၀,၁၀၀ကျပ်) တို့အား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)