ပွင့်ဖြူမြို့နယ်ရှိ နန်းတော်ကျွန်းကျေးရွာ မေတ္တာရင်ခွင်ပရဟိတအသင်းဝင် အိမ်ထောင်စုများအတွက် စားသောက်ရေး အဆင်ပြေစေရန် အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်

ပွင့်ဖြူ နိုဝင်ဘာ ၂၈

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် နန်းတော်ကျွန်းကျေးရွာ မေတ္တာရင်ခွင်ပရဟိတအသင်းက အသင်းဝင် အိမ်ထောင်စုများအတွက် စားသောက်ရေး အဆင်ပြေစေရန် ရည်ရွယ်၍ ယမန်နေ့ နံနက်ပိုင်းက ဆီ၊ ကြက်ဥ၊ ဆား စသည့် အခြေခံစားသောက်ကုန်ပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့ပေးရာတွင် ပွင့်ဖြူမြို့နယ် နန်းတော်ကျွန်းကျေးရွာ မေတ္တာရင်ခွင်ပရဟိတအသင်းမှအဖွဲ့များက ပရဟိတအသင်းဝင် အိမ်ထောင်စု ၃၃ စုအား စားသောက်ရေး အဆင်ပြေစေရန်အတွက် အိမ်ထောင်စုတစ်စုလျှင် ဆီ ၅၀ ကျပ်သား ၊ ကြက်ဥ ၁၀ လုံးနှင့် ဆား ၁ ပိဿာစီတို့ကို လက်ဝယ်အရောက် စနစ်တကျ ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ပရဟိတအသင်း၏ ရှေ့ဆက်လက်ဆောင်ရွက်မည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများနှင့် စပ်လျဉ်းပြီး လိုအပ်သည်များကို တာဝန်ကျေပွန်စွာ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ် မေတ္တာရင်ခွင်ပရဟိတအသင်းအနေဖြင့် မိမိမြို့ရွာနှင့် အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများ၏ လူမှုရေး၊ ပညာရေး ၊ ကျန်းမာရေး အစရှိသည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ရပ်ဝေးရပ်နီးမှ စေတနာအလှူရှင်များ၏ ပံ့ပိုးကူညီမှုဖြင့် ပရဟိတလုပ်ငန်းများကို ကြိုးပမ်းလုပ်ဆောင်လျက်ရှိသည့်အပြင် ယခုကဲ့သို့ အသင်းဝင်များ၏ စားဝတ်နေရေး အဆင်ပြေစေရေးအတွက်ကိုလည်း အခါအားလျော်စွာ အခြေခံစားသောက်ကုန်ပစ္စည်းများကို ကူညီ ထောက်ပံ့ပေးလျက်ရှိကြောင်း အဆိုပါ မေတ္တာရင်ခွင်ပရဟိတအသင်းမှ အဖွဲ့ဝင် ဦးမိုးနန်းဝေက ပြောပြ၍ သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )