စေတုတ္တရာမြို့နယ် ဘုရားစေတီတော်မြတ်များတွင် တန်ဆောင်မုန်းလပြည့် ဆီမီးတစ်ထောင်ကပ်လှုခြင်း၊ စတုဒီသာကျွေးသူများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပ

စေတုတ္တရာ နိုဝင်ဘာ ၂၈

မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်ရှိ မြို့ကျက်သရေဆောင် ဆီမီးချောင်းဘုရား၊ မြသိန်းတန်ဘုရား၊ ထီးကြီးဘုရားနှင့် စည်းကျစ်တောင်ဘုရားစေတီတော်မြတ်များ၌ ၁၃၈၅ ခုနှစ် တန်ဆောင်မုန်းလပြည့်(သာမညဖလအခါတော်)နေ့စေတီတော်မြတ်ကြီးများတွင် ဆီမီးတစ်ထောင်ထွန်းညှိပူဇော်ကပ်လှုဒါန်းသူများ၊ စတုဒီသာကျွေးမွေးအလှုဒါနပြုသူများဖြင့် ယမန်‌နေ့ ညနေပိုင်းမှစ ညပိုင်းအချိန်ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။

စေတုတ္တရာမြို့နယ်အတွင်းရှိ ဆီမီးချောင်းဘုရား၊ ထီးကြီးဘုရား၊ စည်းကျစ်တောင်ဘုရားနှင့် မြသိန်းတန်းဘုရားစေတီတော်မြတ်များတွင် ဆီမီးတစ်ထောင်ထွန်းညှိပူဇော်ကပ်လှုဒါန်းသူများ၊ ဘုရားဖူးလာပြည်သူများအား စတုဒီသာအဖြစ် ကြာဇံဟင်း၊ မုန့်ဟင်းခါး၊ ဆန်ပြုတ်တို့ဖြင့် အဟာရကုသိုလ်ရှင်များက အလှုဒါန ကုသိုလ်ပြုခြင်းနှင့်‌ စေတုတ္တရာမြို့ ဒေသခံ အမျိုးသား၊ အမျိုးသမီးငယ်လေးများက သီချင်းများဖြင့် ကပြဖျော်ဖြေကြရာ လာရောက်ကြည့်ရူအားပေးသူများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။ 

အဆိုပါစေတီတော်မြတ်ကြီးများ၌ တန်ဆောင်မုန်းလပြည့်နေ့တွင် ဆီမီးတစ်ထောင်ကပ်လှုခြင်း၊ စတုဒီသာ ကုသိုလ်ပြု ကျွေးမွေးခြင်းနှင့် ဒေသခံ အမျိုးသား၊ အမျိုးသမီးများ၏ ကပြ‌ဖျော်ဖြေမှုများဖြင့် ကိုဗစ်ကာလမှအပ နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်မြဲဖြစ်ကြောင်း သိရသည်။

ဝင်းအိမွန်(ပြန်/ဆက်)