နတ်မောက် နိုဝင်ဘာ ၂၈
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဝါတစ်ဧကအထွက်နှုန်းပန်းတိုင် (၇၀၀)ပိဿာရရှိရေး တောင်သူအသိပညာပေး ကွင်းသရုပ်ပြပွဲကို တောင်ထောင့်ကျေးရွာအုပ်စုတွင် ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝါတစ်ဧကအထွက်နှုန်းပန်းတိုင် (၇၀၀)ပိဿာရရှိရေးအတွက် အကျိုးဆောင် တောင်သူများပူးပေါင်း၍ တောင်ထောင့်ကျေးရွာအုပ်စုတွင် ဝါအထွက်နှုန်း တိုးတက်ရေးနည်းပညာပေးစံပြကွက် ဧက (၁၀)အောင်မြင်ဖြစ်ထွန်းနေမှုကို ဝါစိုက်တောင်သူများအား ဖိတ်ခေါ်၍ တောင်သူအသိပညာပေး ကွင်းသရုပ်ပြပွဲ ဆောင်ရွက်ခဲ့သည်။
အဆိုပါ တောင်သူအသိပညာပေးကွင်းသရုပ်ပြပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိက ကျေးလက်နေတောင်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်၊ လယ်ယာလုပ်ငန်းများကို အခြေခံ လုပ်ဆောင်နေကြသည့် ကျေးလက်နေပြည်သူများ စီးပွားရေးတွက်ခြေကိုက်၍ ဒေသနှင့်အဆင်ပြေပြီး အထွက်နှုန်းကောင်းသည့်အပြင် ရာသီဥတုဒဏ်ခံနိုင်၍ ဈေးနှုန်းကောင်းမွန်သည့်ဝါသီးနှံများကို ရွေးချယ်စိုက်ပျိုးနိုင်ရန် စသည့် အကြောင်းအရာနှင့် ဝါသီးနှံများ စိုက်ပျိုးနိုင်မှုမြေအမျိုးအစား၊ ဝါမျိုးခွဲအလိုက် စိုက်ပျိုးထုတ်လုပ်သည့် နည်းစနစ်များ၊ ဝါသီးနှံများ ပိုးမွှားကျရောက်မှုအန္တရာယ်မှ ကင်းဝေးစေရန် ကာကွယ်ရမည့် နည်းလမ်းများ၊ ပိုးမွှားကျရောက်မှုရှိပါက ထိရောက်စွာ အသုံးပြုရမည့် နည်းလမ်းများကို ဆွေးနွေး ပြောကြားခဲ့သည်။ တောင်သူအသိပညာပေးကွင်းသရုပ်ပြပွဲသို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်လယ်ယာစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ဒေသခံ တောင်သူ (၃၀)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
မူမူစန်း