ကျေးသီးမြို့၌ မြို့နယ်လုံးကျွတ် စုပေါင်းမဟာဘုံကထိန် ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

ကျေးသီး နိုဝင်ဘာ ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများနှင့် စေတနာရှင်များ၏ စုပေါင်းမဟာဘုံကထိန် ဆက်ကပ်လှူဒါန်း ပွဲကို ယနေ့နံနက် ၉ နာရီက မြို့ဦးကျောင်းတိုက်တွင် ကျင်းပပြုလုပ်ရာ ကျေးသီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌဦးထူးထက်နှင့် အဖွဲ့ဝင်များ၊ အမှတ်(၁၃၁) ခြေလျင်တပ်ရင်းရုံးမှ ဗိုလ်ကြီးအာကာကိုကို၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလူလှနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများ တက်ရောက်ကြသည်။

အဆိုပါ စုပေါင်းမဟာဘုံကထိန် ဆက်ကပ်လှူဒါန်းပွဲအတွက် စုပေါင်းလှူဒါန်းထားကြသော ပဒေသာပင်များကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး စုရပ်မှ မြို့တွင်းသို့ စနစ်တကျ စုပေါင်းစီတန်း၍ ကထိန်ခင်းမည့် မြို့ဦးကျောင်းတိုက်သို့ ပို့ဆောင်ခဲ့ကြသည်။ ထို့နောက် ကြွရောက်တော်မူကြသည့် ဆရာတော်၊ သံဃာတော်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနား ဖွင့်လှစ်တော်မူကြပြီး မြို့ဦးကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြကာ ဆရာတော်၊ သံဃာတော်၊ အရှင်သူမြတ်များထံမှ မေတ္တာသုတ် ပရိတ်တရားတော်များ နာယူကြသည်။

၎င်းနောက် ကျေးသီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌဦးထူးထက်က ကထိန်လျာသင်္ကန်းနှင့် လှူဘွယ်ဝတ္ထုများကို ဆက်ကပ်ခဲ့သည်။ ဆက်လက်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်နေပြည်သူများက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး မြို့ဦးကျောင်းတိုက်ဆရာတော်ထံမှ ကထိန်အနုမောဒနာတရား နာယူကြပြီး လှူဒါန်းမှုအစုစုတို့အား ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။ ထို့နောက် အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌာတု သုံးကြိမ်ရွတ်ဆို၍ အောင်မြင်စွာ ပြီးမြောက်ခဲ့ကြသည်။ အခမ်းအနားအပြီးတွင် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဧည့်ပရိတ်သတ်များအား နေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။

မြို့နယ်(ပြန်/ဆက်)