မိုင်းယန်းမြို့၌ စုပေါင်းဘုံကထိန်ပဒေသာပင် လှည့်လည်ပူဇော်ပွဲကျင်းပ

မိုင်းယန်း        နိုဝင်ဘာ        ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူအလှူရှင်များ စုပေါင်းမဟာဘုံကထိန်ပွဲကို ယနေ့နံနက် ၇  နာရီက မြို့မအားကစားခန်းမရှေ့မှတစ်ဆင့် ဝိန်းလိတ်ရပ်ကွက်အတွင်းရှိ ထေရဝါဒဗုဒ္ဓသာသနာပြု ဘုန်းတော်ကြီးကျောင်းတိုက်သို့ ပဒေသာပင်များဖြင့် စည်ကားသိုက်မြိုက်စွာလှည့်လည်ပူဇော် ကြသည်။

အဆိုပါ စုပေါင်းမဟာဘုံကထိန်လှည့်လည်ပူဇော်ပွဲကို မိုင်းယန်းခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူအလှူရှင်များတို့မှ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် စည်ကားစွာလှည့်လည်၍  ထေရဝါဒဗုဒ္ဓသာသနာပြု ဘုန်းတော်ကြီး ကျောင်းတိုက်အတွင်းသို့ ပူဇော်ထားရှိခဲ့ကြသည်။ ဆက်လက်၍ ထေရဝါဒဗုဒ္ဓသာသနာပြု ကျောင်းဆရာတော် ဘဒ္ဒန္တနန္ဒဓဇ “သာသနတက္ကသီ ဓမ္မာစရိယ၊ သဒ္ဒမ္မဇောတိကဓဇ” ထံမှ ငါးပါးသီလခံယူဆောက်တည်ကာ ကထိန်သင်္ကန်းကပ်လှူပူဇော်ရခြင်း တရားတော်များနာယူ၍ ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး လှူဒါန်းဖွယ်အစုစုတို့အတွက် ရေစက်သွန်းချ အမျှအတန်းပေးဝေခဲ့ကာ “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သာသနာပြုအဓိဋ္ဌာန် သုံးကြိမ်ရွတ်ဆို၍  အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

ထွန်းထွန်းထူး