မြို့သစ်မြို့၌ ဌာနဆိုင်ရာဝန်ထမ်း‌များ၏ (၃၀) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲကျင်းပ

မြို့သစ်  နိုဝင်ဘာ ၂၇

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့တွင် မြို့အုပ်ချုပ်‌ရေးမှူး၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များစုပေါင်း၍ မတည်လှူဒါန်းသော အကြိမ်(၃၀)မြောက် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို မြို့သစ်မြို့ ဘုရားကြီးရပ်ကွက် မြို့ဦးကျောင်းတိုက်တွင် ယနေ့နံနက်(၇)နာရီက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ရှေးဦးစွာ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့ အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းထက် ဦးဆောင်၍ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ စုပေါင်းလှူဒါန်းပွဲ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို၍  ဖွင့်လှစ်ပြီး မြို့သစ်မြို့ စျေးဝင်းမင်းကျောင်း (နာယက) မန္တလေး ဇေယျာဘုံမြင့် ကျောင်းဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး လှူဖွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်း၍ ဆရာတော်ကြီးထံမှ ကထိန်အကြောင်း သိကောင်းစရာ တရားတော်ကို နာယူခဲ့ကြသည်။

ထို့နောက် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ စေတနာရှင်အလှူရှင်များမှ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃) ကြိမ်ရွတ်ဆို၍ အခမ်းအနားအား အောင်မြင်စွာ ရုပ်သိမ်းနိုင်ခဲ့ကြောင်း သိရသည်။

သန်းဝင်းထွန်း (ပြန်/ဆက်)