ပူတာအို နိုဝင်ဘာ ၂၇
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်စီ မံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော ခရိုင်/မြို့နယ်ဌာနဆိုင်ရာများနှင့် အလှူရှင်များက တောင်တန်းသာသနာပြုဗဟိုကျောင်းတိုက်တွင် သီတင်းသုံးတော်မူကြသော ပုရိမဝါမှ ထမြောက်တော်မူကြကုန်သော သံဃာတော်အရှင်သူမြတ်များနှင့် ပင့်သံဃာအရှင်သူမြတ်တို့အား ကထိန်လျာမြတ်သင်္ကန်း၊ အခြံအရံသင်္ကန်းနှင့် လှူဖွယ်ဝတ္တုအစုစုတို့ကို ဆက်ကပ်လှူဒါန်း၍ အနုမောဒနာတရားနာကြားခြင်းနှင့်လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခြင်းအခမ်းအနားကို နိုဝင်ဘာ(၂၆)ရက် နံနက်(၉)နာရီက ပူတာအိုမြို့ တောင်တန်းသာသနာပြုဗဟိုကျောင်းတိုက် ဓမ္မာရုံ၌ကျင်းပသည်။
အခမ်းအနားတွင် အခမ်းအနားတက်ရောက်လာသည့် ပင့်သံဃာတော်များနှင့် ဧည့်ပရိသတ်အပေါင်းတို့က နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး ဧည့်ပရိသတ်အပေါင်းတို့က ပူတာအိုမြို့နယ် ဆာရ်ခွမ်ဒမ်းကျေးရွာ ရေခဲတောင်ကျောင်းတိုက် ဆရာတော်ထံမှ ရှစ်ပါးသီလ ခံယူဆောက်တည်ကြသည်။ ဆက်လက်၍ ဆရာတော်၊ သံဃာတော်၊ အရှင်သူမြတ်တို့က ပရိတ်တရားတော်များ ချီးမြှင့်တော်မူကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌ ဦးခေါင်လန်ဒီးနှင့်အဖွဲ့ဝင်များ၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းထွေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ ဦးကျော်ကျော်လွင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများနှင့်အလှူရှင်များက ကထိန်လျာသင်္ကန်း၊ အခြံအရံသင်္ကန်းနှင့် လှူဖွယ်ဝတ္တုများကို ဆရာတော်၊ သံဃာတော်များထံ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် တောင်တန်းသာသနာပြုဗဟိုကျောင်းတိုက်ဆရာတော်ထံမှ အနုမောဒနာတရား နာယူကြည်ညိုခဲ့ကြပြီး ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် အလှူရှင်များက ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္တုများဖြင့် သိမ်ဆင်းလောင်းလှူခြင်းများ ပြုလုပ်ခဲ့ကြသည်။
အဆိုပါ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများနှင့်အလှူရှင်များ စုပေါင်းမဟာဘုံကထိန်တွင် ပဒေသာပင်စုစုပေါင်း (၂၇)ပင်၊ စုစုပေါင်းပစ္စည်းတန်ဖိုး ကျပ်သိန်းပေါင်း (၄၁,၁၇၅၀၀)ကျပ်၊ အလှူငွေကျပ်သိန်းပေါင်း (၁၁၅,၀၈၅၀၀)ကျပ်၊ စုစုပေါင်း (၁၅၆,၂၆၀၀၀)ကို ဆက်ကပ်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)