မအူပင် နိုဝင်ဘာ ၂၇
တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့ မြစ်တွင်းသွား မြစ်တွင်းသွားရေယာဉ်(စက္ခု) ဆေးရုံရေယာဉ် (ရွှေပုဇွန်)သည် ယမန်နေ့ညနေ ၃ နာရီအချိန်က မအူပင်မြို့နယ်၊ လေးအိမ်စုကျေးရွာအုပ်စု၊ လေးအိမ်စု ကျေးရွာရှိ စတုဘုမ္မိက မဟာသတိပဋ္ဌာန်ကျောင်းတိုက်သို့ ရောက်ရှိပြီး မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာနေ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးသွားမည်ဖြစ်သည်။
ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် ဆေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်မှူးကြီး သန်းဝင်းထွန်း ဦးဆောင်၍ အင်အား (၈၂)ဦး ပါဝင်သော တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့သည် အထွေထွေရောဂါ၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ သားဖွားမီးယပ်နှင့် ကလေးများတွင် ဖြစ်ပွားတတ်သော ရောဂါများကို ဆေးကုသမှုပါရဂူ အသီးသီးဖြင့် ရပ်ကွက်/ကျေးရွာများရှိ သံဃာတော်များနှင့် ပြည်သူများအား အခမဲ့ ကျန်းမာရေးစစ်ဆေးခြင်း၊ ကုသခြင်းများစသည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးနိုင်လွင်၊ အတွင်းရေးမှူး ခရိုင်ရဲမှူးဒုတိယရဲမှူးကြီး အေးလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသက်ဇော်ထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့၊ လူမှုရေး အသင်းအဖွဲ့များက ကြိုဆိုခဲ့ကြပြီး (၂၇.၁၁.၂၀၂၃)ရက်နေ့မှ (၂၈.၁၁.၂၀၂၃)ရက်နေ့ထိ အဆိုပါ ဘုန်းတော်ကြီးကျောင်းတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မြင့်မြတ်(ပြန်/ဆက်)