မကွေး နိုဝင်ဘာ ၂၇
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါကာ ယမန်နေ့ နံနက်ပိုင်းက မင်းဘူးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ဥယျာဉ်ဇင်ကျေးရွာအုပ်စုရှိ သိမ်ကုန်း နည်းပညာ ပြန့်ပွားရေးစင်တာသို့ ရောက်ရှိခဲ့ပြီး ဌာနဆိုင်ရာလုပ်ငန်းများ ကွင်းဆင်း စစ်ဆေးခြင်းနှင့် မိုးစပါး ရတနာတိုးမျိုး မျိုးစေ့ထုတ်စိုက်ခင်း ရိတ်သိမ်းခြင်း ကြည့်ရှုအားပေးကာ စိုက်ပျိုး တောင်သူများနှင့် တွေ့ဆုံခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စိုက်ပျိုးရေးဦးစီးဌာန၏ သိမ်ကုန်း နည်းပညာပြန့်ပွားရေးစင်တာတွင် တည်ဆောက်လျက်ရှိသော ဘက်စုံသုံး စိုက်ပျိုးနည်း ပညာပေးရေးနှင့် ဒေသဖွံ့ဖြိုးရေးကျောင်း တည်ဆောက်ရေး လုပ်ငန်းရပ်များအား သက်ဆိုင်ရာ လုပ်ငန်း တာဝန်ခံတို့မှ ရှင်းလင်း တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်မီစွာဖြင့် တည်ဆောက်ပြီးစီးနိုင်ရေးနှင့် လုပ်ငန်းလိုအပ်ချက်များအပေါ် လမ်းညွှန် မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကွင်းအမှတ် ၁၁၉၂ ရှိ မိုးစပါးစိုက်ကွင်းသို့ ရောက်ရှိခံပြီး ရတနာတိုးစပါး မျိုးသန့်မျိုးစေ့ထုတ်(FS to RS )စိုက်ခင်း ၃.၂၅ ဧက ရိတ်သိမ်း နေမှုလုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးကာ၊ စိုက်ကွင်း ရှင်းလင်းဆောင်တွင် ဆာဖိုးသာ၊ ထိုင်းနှံကောက်၊ GW-11 စပါးယှဉ်ပြိုင် သရုပ်ပြ စိုက်ခင်းလုပ်ငန်းများ၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးသုတေသနတို့ ပေါင်းစပ်၍ ဆင်းသုခ သက်လျင်မျိုးများ ယှဉ်ပြိုင်စမ်းသပ်စိုက်ခင်း လုပ်ငန်းများ၊ ဒေသအတွင်း စိုက်ပျိုးထွက်ရှိ စပါးမျိုး နမူနာများ ခင်းကျင်းပြသထားရှိမှုနှင့် မြို့နယ်စိုက်ပျိုး ထုတ်လုပ်ရေးကဏ္ဍ လုပ်ငန်းတို့အား စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးမှ ရှင်းလင်းတင်ပြခဲ့ပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရေမြေ အခြေခံကောင်း လယ်ယာမြေများတွင် တစ်ဧက အထွက်နှုန်း ပန်းတိုင်အထွက်ကို လက်တွေ့ လုပ်ဆောင်နေသည့် တောင်သူများ အမှန်ရရှိနိုင်မှုတို့အပေါ် စိုက်ပျိုး တောင်သူ အားလုံးတို့ကလည်း သိရှိလိုက်နာ ပြောင်းလဲဆောင် ရွက်လာစေရေးအတွက် တောင်သူနှင့် ဆက်စပ်ဌာနအားလုံးတို့က ကွင်းလက်တွေ့ပေါင်းစပ် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ရေမြေ အခြေခံ ကောင်းရှိသည့် စိုက်ကွင်းအားလုံးတွင် တစ်ဧက အထွက်နှုန်း တိုးတက်ရေးနှင့် သီးထပ်စွမ်းအား တိုးတက်ရေးတို့ကို တစ်ပြိုင်တည်း လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း လမ်းညွှန် မှာကြားကာ၊ တက်ရောက်လာသည့် ကျေးရွာအုပ်စု(၇)အုပ်စုမှ တောင်သူကြီးများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးတင်ပြ ချက်များအပေါ် ဆက်စပ်ဌာနများနှင့်အတူ ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ မိုးစပါး ရတနာတိုး (FS to RS )စပါးမျိုးစေ့ထုတ် တစ်ဧက အကွက်ကျယ်အား စပါးရိတ်သိမ်း ခြွေလှေ့စက်ဖြင့် ရိတ်သိမ်းမှု မှတ်တမ်းဆောင်ရွက်မှုအနေဖြင့် စပါးအစိုဓာတ် ၂၀ ရာခိုင်နှုန်း၊ အစိုအထွက် တစ်ဧက (၁၁၂.၂၅)တင်း ၊ အခြောက်အထွက်(၁၀၄.၄၂)တင်းနှုန်း ရရှိခဲ့ကြောင်း သိရှိရသည်။
မောင်ညီညာ