ဟင်္သာတ နိုဝင်ဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၏ စုပေါင်းမဟာဘုံကထိန် ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ပဒေသာပင်များ လှည့်လည်ပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက ကျင်းပခဲ့သည်။
အဆိုပါ စုပေါင်းမဟာဘုံကထိန် ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအတွက် ခရိုင် မြို့နယ်ဌာနဆိုင်ရာများမှ စုပေါင်းလှူဒါန်းကြသော ပဒေသာပင်များကို ခရိုင်ထွေအုပ်ရုံးစုရပ်မှ မြို့တွင်းသို့ စနစ်တကျ စုပေါင်းစီတန်း၍ ကထိန်ခင်းမည့် လယ်တီကွင်းရပ်ကွက်ရှိ မေဃဝတီပရိယတ္တိစာသင်တိုက်သို့ ပို့ဆောင်ခဲ့ကြသည်။
စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာတွင် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့များမှ စုစုပေါင်း (၄၃)ပင်ကို မေဃဝတီကျောင်းတိုက်နှင့် မြို့နယ်အတွင်း ကထိန်အာနိသင်မရရှိသော ဘုန်းတော်ကြီးကျောင်းများသို့ တာဝန်ရှိသူများမှ ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း ခရိုင်သာသနာရေးဦးစီးဌာနမှ သိရသည်။
ခရိုင် ပြန်/ဆက် (ဟင်္သာတ)