ကျိုက် မရော နိုဝင်ဘာ ၂၇
မွန်ပြည်နယ်၊ ကျိုက်မရောမြိုနယ် အတ္တရံမြစ်ကမ်း၌ နှစ်စဥ်ကျင်းပမြဲဖြစ်သော မြို့လုံးကျွတ် ဆွမ်းအိုးမျှောပွဲတော်ကြီးကို ယနေ့နံနက် ၄ နာရီက အတ္တရံမြစ်ကမ်းနားရှိ ရှင်ဥပဂုတ္တ မထေရ်မြတ်ကြီးတည်ထားရာကျောင်းဆောင်ရှေ့၌ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။
အဆိုပါ မြို့လုံးကျွတ် ဆွမ်းအိုမျှောပွဲကြီးကို နှစ်စဥ်နှစ်တိုင်းရိုးရာမပြတ် ကျင်းပပြုလုပ်လာသည်မှာ ယခုနှစ်တွင်( ၃၉)ကြိမ်ရှိခဲ့ပြီး ဆွမ်းအိုးမျှောပွဲ ပြုလုပ်မည့် တန်ဆောင်မုန်းလပြည့် နံနက် ၃ နာရီ မှစတင်ကာ ဒေသခံပြည်သူများနှင့် ရပ်ဝေးရပ်နီးမှ ဧည့်သည်များပါ ဆွမ်းအိုးမျှောမည့် အတ္တရံမြစ်ကမ်းနားတစ်လျှောက်၌ နေရာယူထားကြပြီး အရုဏ်တက်ချိန်တွင် မိမိတို့ ယုံကြည်ကိုးကွယ်ရာဖြစ်သည့် ရှင်ဥပဂုတ္တ ရဟန္တာမထေရ်မြတ်ကြီးအား ဆွမ်း၊ ရေချမ်း၊ သစ်သီးမျိုးစုံ၊ ဖရောင်းတိုင်၊ အမွှေးတိုင်များ ဆွမ်းအိုးထဲထည့်ကာ ပူဇော်ကန်တော့ကြပြီးနောက် ဆွမ်းအိုးများကို အတ္တရံမြစ်ရေတက်ချိန်တွင် မြစ်အတွင်းမျှောကာ မိမိတို့လိုအပ်ရာ ဆုမွန်ကောင်းများကို ရှင်ဥပဂုတ္တမထေရ်မြတ်ကြီးထံ ဆုတောင်းကြခြင်းဖြင့် စီးပွားဥစ္စာများ တိုးပွားလာကြသဖြင့် ယုံကြည်စွာ နှစ်စဥ်နှစ်တိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြကြောင်း ယခုနှစ်တွင် ယခင်နှစ်များကထက် ပို၍စည်ကားများပြားခဲ့ကြောင်း ဆွမ်အိုးမျှောပွဲလာသည့် ဒေသခံရေလုပ်သားတစ်ဦးထံမှ သိရသည်။
ဆွမ်းအိုးမျှောပွဲအပြီးတွင် စေတနာရှင်များက ဆွမ်းအိုးမျှောရန်လာကြသည့် ဧည့်သည်များအား နံနက်စာ အုန်းနို့ခေါက်ဆွဲများ၊ ရိုးရာမုန့်များဖြင့် ကျွေးမွေးလျက်ရှိရာ လာရောက်စားသုံးသူများဖြင့် စည်ကားသာယာလျက်ရှိကြောင်း သိရသည်။
ချိူမြတ်မြတ် ထွေး(ကျိုက်မရော)