ဒေးဒရဲ နိုဝင်ဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်လုံးဆိုင်ရာ တန်ဆောင်တိုင်ဆွမ်းလုံးချပွဲတော်အား နှစ်စဥ်တန်ဆောင်းမုန်းလပြည့်နေ့တွင် အစဥ်အလာမပြတ် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါတန်ဆောင်တိုင်ဆွမ်းလုံးချပွဲတော်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က အနီးကပ်ကြီးကြပ်မှုဖြင့် ဆုတောင်းပြည့်စုံ ကျိုက်ဒေးယျုံ စေတီတော်မြတ်ကြီး ဂေါပကအဖွဲ့က ဦးဆောင်၍ မြို့နယ်ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ အခြေခံပညာကျောင်းများနှင့် ရပ်ကွက်၊ ကျေးရွာအလိုက် အလှူခံရရှိသည့် ငွေပဒေသာပင်နှင့် ပစ္စည်းပဒေသာပင်များကို တန်ဆောင်းမုန်းလပြည့်နေ့တွင် ဆုတောင်းပြည့်စုံကျိုက်ဒေးယျုံ စေတီတော်မြတ်ကြီး ပရိဝုဏ်အတွင်းတွင် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းတိုက်များအား စာရေးတံမဲဖောက်၍ လှူဒါန်းပေးသွားမည် ဖြစ်ကြောင်း သိရသည်။
တန်ဆောင်းမုန်းလဆန်း (၁၃)ရက်နေ့မှ တန်ဆောင်းမုန်းလပြည့်နေ့အထိ ဆုတောင်ပြည့်စုံကျိုက်ဒေးယျုံစေတီတော်မြတ်ကြီးအား ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့် ပြည်သူများက ဆီးမီးကပ်လှူပူဇော်ခြင်း၊ ဘုရားဖူးလာရောက်သည့်ပြည်သူများအား စတုဒိသာကျွေးမွေးလှူဒါန်းခြင်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အေဇာလင်း