ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ် စုပေါင်းမဟာဘုံကထိန်ပွဲတော် အခမ်းအနား ကျင်းပပြုလုပ်၊ ရိုးရာကောက်သစ်စားပွဲတော် ကျင်းပနိုင်ရေး ဆန်နှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့

မြစ်ကြီးနား     နိုဝင်ဘာ ၂၆

ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ၂၀၂၃ ခုနှစ် (သာသနာနှစ် ၂၅၆၇ ခု၊ ကောဇာ သက္ကရာဇ် ၁၃၈၅ ခု)အတွက် စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို ယမန်နေ့နံနက် ၉ နာရီက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ရှမ်းစုမြောက်ရပ်ကွက်ရှိ ဓမ္မရက္ခိတဝန်းသို ကျောင်းတိုက်၌ ကျင်းပပြုလုပ်ရာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်သည်။

ဆက်လက်၍ ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက်၏ ဦးစီးပဓာန နာယကဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တကေတုမာလာ အမှူးပြု‌သော သံဃာတော်အရှင်သူမြတ်များထံမှ ပြည်နယ်အစိုးရအဖွဲ့ ဝင်များနှင့်၎င်းတို့၏ဇနီးများ၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြား ထားသော ဧည့်သည်တော်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်အရှင် သူမြတ်များက ရွတ်ပွားသရဇ္ဇျယ်ချီးမြှင့်တော်မူသော မေတ္တာသုတ်အစရှိသည့် ပရိတ်တရားတော်များ ကို နာယူကြည်ညိုကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်နှင့်ဇနီး၊ တိုင်းမှူးဗိုလ်မှူးချုပ်စိုးလှိုင်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ တပ်မတော် အရာရှိကြီးများနှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များထံ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်း မှုအစုစုတို့အတွက် အနုမောဒနာ တရားတော်များ နာယူ၍ ရေစက်သွန်းချအမျှပေးဝေခဲ့ကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံစရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ရုပ်သိမ်းသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ရတနာရွှေမိုးငွေမိုး ရွာသွန်းဖြိုးပေးကြပြီး ဆရာတော်/ သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့အပြင် မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် မိုးစပါးရိတ်သိမ်းပြီးချိန်တွင် ကချင် ပြည်နယ်အတွင်းရှိ တိုင်းရင်းသားများ၏ ရိုးရာဓလေ့ထုံးစံတစ်ခုအဖြစ် ကောက်သစ်စား (အင်လုံ အင်နန်ရှား)ပွဲတော်ကို နှစ်စဉ် နိုဝင်ဘာလအတွင်း ကျင်းပပြုလုပ်လေ့ရှိရာ မြစ်ကြီးနားမြို့ စီတာပူ မနောကွင်းအတွင်းရှိ မနောအိမ်တော်၌ ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ရိုးရာယဉ်ကျေးမှု အသင်း/ အဖွဲ့/ ကော်မတီအတွက် ကောက်သစ်စားပွဲတော် ကျင်းပပြုလုပ်နိုင်ရေး ကောက်ဦးအလှူအဖြစ် ဆန်နှင့် အခြေခံစားသောက်ကုန်များကို ထောက်ပံ့ပေးအပ်ပွဲကို ကျင်းပပြုလုပ်သည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်တိုင်းရင်းသား များအနေဖြင့် ကချင်ပြည်နယ်နေ့ ရိုးရာမနောပွဲတော်နှင့် ကောက်သစ်စားပွဲကို နှစ်စဉ်ကျင်းပလေ့ရှိပါကြောင်း၊ ကောက်သစ်စားပွဲတော်သည် မိမိတို့ ရှေးဘိုးဘွားများ လက်ထက်က ဆောင်ရွက်ခဲ့သည့် ပွဲတော်တစ်ခုဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ကောက်သစ်/ကောက်ဦးပေါ်ချိန်တွင် အဦးအဖျားရရှိသော ကောက်ပဲသီးနှံများဖြင့် မိမိတို့ပြည်နယ်အတွင်းရှိ တိုင်းရင်းသားများအား ဦးဆောင်ဦးရွက်ပြုနေကြသော ရိုးရာစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များထံ လှူဒါန်းပေးအပ်ရခြင်းဖြင့် ပြည်နယ်၏ စား‌ရေ ရိက္ခာပေါကြွယ်ဝစေရေး၊ ပြည်နယ်၏ စီးပွားရေး၊ လူမှုရေးပိုမိုကောင်းမွန်စေရေးနှင့် အေးချမ်းတည် ငြိမ်ရေးအတွက် ဝိုင်းဝန်းဆုတောင်းပါဝင်ကြရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့က တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း/အဖွဲ့/ကော်မတီ (၁၃)ခုတို့အတွက် တစ်ဖွဲ့လျှင် ဆန် (၁၀)အိတ်၊ ဆီ (၁၇)ဘူး၊ ကုလားပဲနှင့် ဆား (၁)အိတ်စီ၊ ခေါက်ဆွဲခြောက်ဖာ (၁၅)ဖာနှင့် ရေသန့်ကတ် ၂၀ စီတို့ဖြင့် စုစုပေါင်း ဆန်အိတ် (၁၃၀)အိတ်၊ ဆီ (၂၂၁)ဘူး၊ ကုလားပဲနှင့် ဆား (၁၃) အိတ်၊ ခေါက်ဆွဲခြောက်ဖာ (၁၉၅)ဖာနှင့် ရေသန့်ကတ် (၂၆၀)တို့ကို အသီးသီးထောက်ပံ့ပေးအပ်     လှူဒါန်းကြရာ သက်ဆိုင်ရာတိုင်းရင်းသား အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး မြန်မာနိုင်ငံကချင်လူမျိုးရိုးရာယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဦးဇော်မိုးနော်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် မနောကွင်းအတွင်းရှိ မဂျွယ်ခန်းမ၌ ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာပြည်သူများအား လှူဒါန်းထောက်ပံ့နိုင်ရေး ရန်ပုံငွေပွဲအဖြစ် Miracle Foundation နှင့် Man Made ဖက်ရှင်ဒီဇိုင်နာတို့ ပူးပေါင်း၍ ကျင်းပလျက်ရှိသည့် လူငယ်ဖက်ရှင်ဒီဇိုင်းနာများ၏ Couture Gala 2023 ဖက်ရှင်ရှိုးပွဲသို့ တက်ရောက်အားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ထောက်ပံ့ ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်