ဖားဆောင်း အောက်တိုဘာ ၂၁
ကယားပြည်နယ်၊ဘောလခဲခရိုင်၊ဖားဆောင်းမြို့နယ်ရပ်ကွက်/ကျေးရွာများ၌ အသက်(၉)နှစ်နှင့် (၁၀)နှစ် မိန်းကလေးငယ်များအား အိတ်ချ်ပီဗီကာကွယ်ဆေးထိုးနှံခြင်းဖြင့် သားအိမ်ခေါင်း ကင်ဆာဖြစ်ပွားမှုနှုန်း(၉၅)ရာခိုင်နှုန်းကာကွယ်နိုင်ရန်နှင့် ဆောလျင်စွာထိုးနှံခြင်းဖြင့် အစောဆုံး သားအိမ်ခေါင်း ကင်ဆာကာကွယ်မှုရရှိနိုင်စေရန် ရည်ရွယ်၍ အိတ်ချ်ပီဗီပုံမှန် ကာကွယ်ဆေး စတင် ထိုးနှံခြင်းများကို ယနေ့နံနက်(၉)နာရီအချိန်ကရပ်ကွက်/ကျေးရွာများရှိ မိခင်နှင့်ကလေး စောင့်ရှောက်ရေးဌာနများ၊ ကျေးလက်ဆေးပေးခန်းများတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ အိတ်ချ်ပီဗီပုံမှန်ကာကွယ်ဆေးစတင်ထည့်သွင်းထိုးနှံပေးခြင်းကို ဖားဆောင်းမြို့ပေါ် ရပ်ကွက်ရှိ ကလေးငယ်များအား မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနတွင် လည်းကောင်း၊ ကျေးရွာများရှိ ကလေး ငယ်များအားသက်ဆိုင်ရာ ကျေးလက်ဆေးပေးခန်းများတွင် လည်းကောင်း ကျန်းမာရေးဝန်ထမ်းများက မိန်းကလေးငယ်(၂၀၃)ဦးအား အသီးသီး ထိုးနှံပေးမည် ဖြစ်ပြီး တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းက မိန်းကလေးငယ်(၅၄)ဦးအား ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဖားဆောင်းမြို့နယ်တွင်းတွင် အိတ်ချ်ပီဗီပုံမှန်ကာကွယ်ဆေးထိုးနှံပေးမည့် အမျိုးသမီးငယ် (၂၅၇)ဦးရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအိဖြူသွယ်ထံမှ သိရသည်။
နန်းသဲနုအောင်(ဖားဆောင်း)