မယ်စဲ့ အောက်တိုဘာ၂၃
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ကြီးမှူး၍ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုတိယ မဲရုံမှူးများ လုပ်ငန်းစွမ်းရည်မြှင့် ပညာပေးဆင့်ပွားသင်တန်းဖွင့်လှစ်ခြင်းကို ယနေ့နံနက် ၈ နာရီခွဲက အ.ထ.က (မယ်စဲ့)၌ ကျင်းပသည်။
ရှေးဦးစွာ ဘောလခဲခရိုင် ပညာရေးမှူး ဦးစသိန်းကျော်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ခရိုင်ဦးစီးမှူးက ရွေးကောက်ပွဲတွင် မဲရုံများ၌ တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၏ အခန်းကဏ္ဍသည် အရေးကြီး ကြောင်းနှင့် ရွေးကောက်ပွဲ ဥပဒေများ၊ နည်းဥပဒေများနှင့်အညီ ပြည်သူနှင့် နိုင်ငံတော်အတွက် အရေးကြီးသော လုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။
ထို့နောက် သင်တန်းဖွင့်လှစ်ပို့ချရာ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ မဲရုံမှူးသိထားသင့်သောပုံစံများ၊ မဲရုံသရုပ်ပြခြင်း၊ မဲရေတွက်ပုံ၊ ဆာလာအိတ် များနှင့် ဆန္ဒမဲလက်မှတ်များ ထုတ်ပိုးပုံအဆင့်ဆင့်၊ PPE ဝတ်စုံဝတ်ဆင်ပုံနှင့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို စာတွေ့၊ လက်တွေ့ သင်ကြားပို့ချမည် ဖြစ်ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)