တောင်ဥက္ကလာပမြို့နယ်တွင် Bow ကလစ် ပြုလုပ်နည်းသင်တန်းဖွင့်လှစ်

တောင်ဥက္ကလာပ အောက်တိုဘာ ၁၇

မိသားစုတစ်ပိုင်တစ်နိုင် အိမ်တွင်းမှုလုပ်ငန်းများမှတဆင့် အပိုဝင်ငွေတိုးတက်ရရှိစေရန် အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်နှင့် ကိုယ်တိုင်ပြုလုပ်၍ အသုံးပြုခြင်းဖြင့် ငွေကြေးအကုန်အကျသက်သာစေရန်တို့အတွက် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် (၁၁)နာရီက Bow ကလစ်ပြုလုပ်နည်းသင်တန်းကို ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

Bow ကလစ်ပြုလုပ်နည်း သင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဆွေနှင်းက သင်တန်းဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်များနှင့် Bow ကလစ်ပြုလုပ်မည့် ပစ္စည်းများနှင့် ပြုလုပ်ပုံ ပြုလုပ်နည်းအကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် Bow ကလစ်ပြုလုပ်ပုံ အဆင့်ဆင့်ကို လက်တွေ့ပြုလုပ်ပြသရာ သင်တန်းသားများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုမှတ်သား၍ သိရှိလိုသည်များကို မေးမြန်းသင်ယူပြုလုပ်ခဲ့ကြကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဖွဲ့စည်းထားသော Club အသင်းများ၊ မြို့နယ်မိခင်နှင့် က‌လေးစောင့်ရှောက်ရေးအသင်း၊ စာဖတ်ပရိသတ်များ ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲ၊ ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲ၊ ပန်းချီရေးဆွဲနည်း (အ‌ခြေခံ)သင်တန်းနှင့်  အိမ်တွင်းမှုသင်တန်းများကို လစဉ်ပြုလုပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

ခင်ဆွေနှင်း (ပြန်/ဆက်)