နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးကျော်သိန်းဆိုင် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်း ရေခဲမုန့်အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲ တက်ရောက်

ဇေယျာသီရိ အောက်တိုဘာ ၁၇

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သည့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း ရေခဲမုန့်အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာအုပ်စု၊ မွန်းတည့်ခွင်(တောင်)ကျေးရွာ၌ ကျင်းပရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးကျော်သိန်းဆိုင် တက်ရောက် အမှာစကား ပြောကြားခဲ့သည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင်က မြန်မာနိုင်ငံရှိလူဦးရေ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်နေပြည်သူများဖြစ်ပြီး ကျေးလက်နေပြည်သူများ၏ လူမှုစီးပွား ဘဝစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ပေးခြင်းသည် မြို့ပြနှင့် ကျေးလက်အကြား ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းလာစေမှာဖြစ်ပါကြောင်း၊ ဒေသခံပြည်သူများအနေဖြင့် တစ်ပိုင်တစ်နိုင် ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်လာနိုင်ပြီး ကုန်ထုတ်လုပ်ငန်းများ ပေါများလာမည်ဆိုလျှင် နိုင်ငံ၏ GDP တိုးတက်လာမည်ဖြစ်ပါကြောင်းနှင့် ယခုဖွင့်လှစ်သည့်သင်တန်းတွင် နို့ရေခဲမုန့်၊ စတော်ဘယ်ရီရေခဲမုန့်၊ ပိန်းဥရေခဲမုန့်၊ သခွားမွေးရေခဲမုန့်၊ ချောကလက်ရေခဲမုန့်၊ သီးစုံရေခဲမုန့်၊ ဒူးရင်းရေခဲမုန့် စသော ထုတ်လုပ်မှုကို စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမှာဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူများအနေဖြင့် စိတ်ပါဝင်စားစွာ သင်ယူစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ယင်းနောက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ငြိမ်းအေးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများနှင့် တက်ရောက်လာသည့် တာဝန်ရှိသူများအား သင်ထောက်ကူပစ္စည်းများအား လိုက်လံရှင်းလင်းပြသခဲ့သည်။ အဆိုပါ ရေခဲမုန့်အမျိုးမျိုးထုတ်လုပ်မှုသင်တန်းကို အောက်တိုဘာလ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့ အထိ သင်ကြားသွားမည်ဖြစ်ပြီး ကျည်တောင်ကျေးရွာအုပ်စု၊ မွန်းတည့်ခွင် (တောင်)ကျေးရွာမှ သင်တန်းသား၊ သင်တန်းသူ ၁၀ ဦး တက်ရောက်သင်ကြားပြီး သင်တန်းမှ ထူးချွန်သူ ၅ ဦး ရွေးချယ်ကာ ငွေကျပ် ၁၀ သိန်းနှင့်ညီမျှသော ထောက်ပံ့ပစ္စည်းများကို ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)