သီတင်းကျွတ်ကာလရောက်တော့မည်ဖြစ်သဖြင့် လားရှိုးမြို့နယ်တွင်ပြုလုပ်သည့် တိုးနယား၊ ကိန္နရီ၊ ကိန္နရာနှင့် ရှမ်းအိုးစည်များ ရောင်းအားကောင်း

လားရှိုး အောက်တိုဘာ ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်အတွင်းတွင် ပြုလုပ်ရောင်းချသည့် ရှမ်းရိုးရာတိုးနယား၊ ကိန္နရီ၊ ကိန္နရာရုပ်များ၊ ရှမ်းအိုးစည်နှင့် ရိုးရာတူရိယာပစ္စည်းများသည် သီတင်းကျွတ်ကာလရောက်ရှိ တော့မည်ဖြစ်သဖြင့် ရောင်းအားကောင်းလျက်ရှိနေကြောင်း သိရသည်။

ရှမ်းအိုးစည်ကို လားရှိုးမြို့နယ်၊ လွိုင်လွမ့်ကျေးရွာနှင့် လားရှိုးမြို့တွင်း ရပ်ကွက်(၁၂)တွင် ပြုလုပ်ရောင်းချလျက်ရှိနေပြီး ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) နှင့် အခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များမှလည်း လာရောက်ဝယ်ယူလျက်ရှိနေကြောင်းသိရသည်။

“ အခုတလော ရှမ်းအိုးစည်၊ တိုးနယား၊ ကိန္နရီ၊ ကိန္နရာရုပ်တွေ ရောင်းအားကောင်းတယ်။ နယ်ဝေးက လာဝယ်ကြတယ်။ တချို့ထိုင်းနိုင်ငံရောက်မြန်မာတွေလည်း ဒီကရှမ်းအိုးစည်နဲ့ တိုးနယားတွေကို မှာယူကြသလို ကိုယ်တိုင်လာဝယ်ကြတာတွေလည်း ရှိတယ်။ ” ဟု ရှမ်းအိုးစည်ပြုလုပ်ရောင်းချသူ အိုက်စိုင်းက ပြောသည်။

သီတင်းကျွတ်အခါသမယ ပွဲတော်များတွင် ရှမ်းတိုင်းရင်းသား ရိုးရာအကအလှများဖြင့် ဖျော်ဖြေကြရာ တွင် အဓိကအသုံးပြုသည့် တူရိယာဖြစ်သည့် ရှမ်းအိုးစည်နှင့်တိုးနယား၊ ကိန္နရီ၊ ကိန္နရာများဖြင့် ကပြဖျော်ဖြေလေ့ရှိကြကြောင်း သိရသည်။

ရှမ်းအိုးစည်တစ်လုံးလျှင် လွန်ခဲ့သော ယခင်နှစ်ကထက် ဈေးကွာခြားမှုများရှိလာပြီး ယခင်နှစ် ခြောက်သိန်းတန်ရှမ်းအိုးစည်တစ်လုံးတွင် ယခုနှစ်ပေါက်ဈေးမှာ ရှစ်သိန်းခန့်ထိဈေးရှိနေကြောင်း သိရသည်။

စိုင်းထွန်း(လားရှိုး)