မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား အသက်(၂၅) နှစ်အောက် အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမတံခွန်စိုက်ဆုဖလားရရှိခဲ့သည့် မြို့နယ်လက်ရွေးစင် ပိုက်ကျော် ခြင်းအသင်းနှင့် U-12 မြန်မာ့လက်ရွေးစင် မောင်ဇင်မင်းမြတ်သူအား ဂုဏ်ပြုပွဲကျင်းပ

ပြင်ဦးလွင် အောက်တိုဘာ ၁၃

၂၀၂၃ ခုနှစ် မန္တလေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အသက်(၂၅) နှစ်အောက် အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမတံခွန်စိုက်ဆုဖလားရရှိခဲ့သည့် မြို့နယ်လက်ရွေးစင် ပိုက်ကျော်ခြင်းအသင်းအား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပြင်ဦးလွင်မြို့ ခရိုင်အားကစားကွင်း၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌကိုယ်စား ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဝင်းက ဂုဏ်ပြုအမှာစကားပြောကြားပြီး မြို့နယ်ပိုက်ကျော်ခြင်း ဆပ်ကော်မတီဥက္ကဋ္ဌဦးဝင်းမြင့်က ပြိုင်ပွဲအတွေ့အကြုံများအား ဆွေးနွေးတင်ပြသည်။

ထို့နောက် အမျိုးသားပိုက်ကျော်ခြင်း ပထမတံခွန်စိုက်ဆုဖလားအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌသို့ လွှဲပြောင်းပေးအပ်ပြီး ဂုဏ်ပြုပွဲအခမ်းအနားသို့ တက်ရောက်လာသည့် တာဝန်ရှိသူများက ပိုက်ကျော်ခြင်းဆပ်ကော်မတီဥက္ကဋ္ဌနှင့် နည်းပြဦးဆန်းကိုကို၊ အောင်ပွဲရ ပိုက်ကျော်ခြင်း အားကစားသမားများဖြစ်သည့် မောင်ကျော်ထက်လင်း၊ မောင်ကျော်မင်းဇင်၊ မောင်နေလင်းထွန်း၊ မောင်ဟိန်းသူအောင်၊ မောင်ကောင်းထက်ကိုကို၊ မောင်စွဲမက်ကိုကို၊ မောင်ဟိန်းလွင်စိုးတို့အား ဂုဏ်ပြုလွှာနှင့်လက်ဆောင်ပစ္စည်းများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ မြို့နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဆရာ David Siang က ဂျပန်နိုင်ငံ ချီဘာမြို့တွင် ကျင်းပသည့် (၁၁) ကြိမ်မြောက် U-12 Junior Soccer Challenge 2023 ဘောလုံးပြိုင်ပွဲသို့ ပြင်ဦးလွင်မြို့နယ်မှ U-12 မြန်မာ့ရွေးစင် ညောင်ပေါကျေးရွာနေ မောင်ဇင်မင်းမြတ်သူအား ဂုဏ်ပြုလွှာ၊ လက်ဆောင်ပစ္စည်းနှင့် ဂုဏ်ပြုဆုငွေတစ်သိန်းခွဲကျပ်၊  အောင်ပွဲရပိုက်ကျော်ခြင်းအဖွဲ့အား ဂုဏ်ပြုဆုငွေ တစ်သိန်းခွဲကျပ် ပေးအပ်ချီးမြှင့်သည်။

၂၀၂၃ ခုနှစ် မန္တလေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား အသက်(၂၅) နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြို့နယ် (၂၇)မြို့နယ်မှ ပြိုင်ပွဲဝင်အသင်း(၂၇)သင်းက အုပ်စု (၈) အုပ်စုခွဲ၍ စက်တင်ဘာလ ၂၀ ရက်နေ့မှ ၂၆ ရက်နေ့အထိ ပါဝင်ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်ပြီး ပြင်ဦးလွင်မြို့နယ် ကိုယ်စားပြု အသက်၂၅ နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းအသင်းက ပထမတံခွန်စိုက်ဆုဖလားရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖြူလူသစ် (ခရိုင် ပြန်/ဆက်)