ပန်းတနော်မြို့နယ်၌ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုမရှိစေရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ပန်းတနော်၊ အောက်တိုဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှု မရှိစေရေးနှင့် အများပြည်သူ ပူးပေါင်းပါဝင်သော အမှိုက်သိမ်းစနစ် ဖြစ်ပေါ်စေရေးအတွက် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အ.ထ.က (၂) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများက စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုမရှိစေရေးနှင့် အများပြည်သူ ပူးပေါင်းပါဝင်သော အမှိုက်သိမ်းစနစ် ဖြစ်ပေါ်စေရေးအတွက် အ.ထ.က(၂) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ အမှိုက်နှင့် ပတ်သက်သည့် ဗဟုသုတရရှိစရာ မေးခွန်းများကို မေးမြန်းခဲ့ကာ ဖြေဆိုနိုင်သည့် ကလေးများအား ဆုများချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ ဆက်)