လဟယ် အောက်တိုဘာ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်၏ လမ်းညွန်မှုအရ လဟယ် မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်း ဖွဲ့စည်းနိုင်ရန် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က လဟယ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းခဲ့ ကြောင်း သိရသည်။
ရှေးဦးနာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာန၊ ခန္တီးမြို့နယ် ဦးစီးအရာရှိ ဦးမျိုးအောင်က ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမ အသင်းဖွဲ့စည်းရခြင်း ရည်ရွယ်ချက်၊ ငွေစုငွေချေးလုပ်ငန်းများနှင့် ပတ်သက်၍ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ ငွေစုငွေချေးများ ဆောင်ရွက်ရာတွင် ဝန်ထမ်းများနှင့် အမှုဆောင် ကော်မတီများလိုက်နာရမည့် စည်းကမ်းချက် များကို ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် လဟယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ဝင်းက ဝန်ထမ်းပေါင်းစုံ ငွေစု ငွေချေးအသင်း ဖွဲ့စည်းနိုင်ရေးအတွက် ဌာန ဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းပေးပြီး ဦးဆောင်ကော်မတီများ၊ အသင်းဥက္ကဋ္ဌ၊ အတွင်းရေးမှူး ဘဏ္ဍာထိန်း၊ စာရင်းကိုင်များအား ရွေးချယ် အတည်ပြုခဲ့သည်။
ယင်းနောက် တက်ရောက်လာကြသော ဌာနဆိုင်များက ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေး သမဝါယမအသင်းဖွဲ့စည်းခြင်းနှင့် ဆက်လက်ဆောင်ရွက် မည့် လုပ်ငန်းစဉ်များအပေါ် အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)