ပုသိမ် အောက်တိုဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်းမောင်ဝင်းသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများလိုက်ပါလျက် ယမန်နေ့ နေ့လည်ပိုင်းတွင် မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်ရှိ နယူးဧရာ(၁)မျိုးစပါး မိုးစပါးစံကွက်ရိတ်သိမ်းပွဲသို့ တက်ရောက်ကြည့်ရှု အားပေးခဲ့ပြီး အသက်(၈၅)နှစ်အထက် ဘိုး/ဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ပေးအပ်ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်း ကျေးရွာအုပ်စု၊ ဆိတ်ချေးကုန်းကျေးရွာရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ (၈)ဘီလီယံမှ သွင်းအားစုထောက်ပံ့ငွေဖြင့် ဆောင်ရွက်ပြီး ပိုက်ဆံလျှော်သစ်စိမ်းမြေဩဇာ မြေခံထည့်သွင်းစိုက်ပျိုးထားသည့် တောင်သူဒေါ်သန်းထွေး၏ လယ်ဧက (၃)ဧကတွင် ပြုလုပ်သည့် နယူးဧရာ(၁) မျိုးစပါး မိုးစပါးစံကွက် ရိတ်သိမ်းပွဲသို့ တက်ရောက်ကြည့်ရှု အားပေးခဲ့ပြီး တောင်သူများနှင့် တွေ့ဆုံ၍ တစ်ဧက (၁၀)တင်း ပိုမိုတိုးတက် ထွက်ရှိစေရေးအတွက် အထွက်တိုးမျိုးစပါးများ ပြောင်းလဲအသုံးပြုခြင်း၊ စိုက်နည်းစနစ်များ ပြောင်းလဲစိုက်ပျိုးခြင်း၊ သဘာဝမြေဩဇာများ အချိုးကျသုံးစွဲခြင်း၊ ပိုက်ဆံလျှော် သစ်စိမ်းမြေဩဇာများ မြေခံထည့်သွင်းစိုက်ပျိုးခြင်းများ ဆောင်ရွက်ခဲ့ရာ တစ်ဧက အထွက်နှုန်းများ တိုးတက်လာသည်ကို တွေ့ရှိနေပြီဖြစ်ပါကြောင်း၊ သီးထပ်စွမ်းအားများ တိုးမြှင့်ဆောင်ရွက်ရန် လိုပါကြောင်းနှင့် ပန်းတိုင်အထွက်နှုန်းများ ရရှိစေရေး ဆက်လက်ဆောင်ရွက်သွားကြရန် ဆွေးနွေးပြောကြားခဲ့ပြီး စံကွက်ရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေးခဲ့သည်။ အဆိုပါ တောင်သူဒေါ်သန်းထွေး၏ နယူးဧရာ(၁) မျိုးစပါး မိုးစပါး စံကွက်ရိတ်သိမ်းခဲ့ရာတွင် တစ်ဧကလျှင် ပျမ်းမျှအထွက်နှုန်း (၁၃၄)တင်း ထွက်ရှိခဲ့ပြီး အထွက်တိုးမျိုးစပါးများ ပြောင်းလဲ အသုံးပြုခြင်း၊ စိုက်နည်းစနစ်များ ပြောင်းလဲစိုက်ပျိုးခြင်း၊ သဘာဝမြေဩဇာများ အချိုးကျ သုံးစွဲခြင်း၊ ပိုက်ဆံလျှော် သစ်စိမ်းမြေဩဇာများ မြေခံထည့်သွင်း စိုက်ပျိုးခြင်းများအပြင် ရိတ်သိမ်း ခြွေလှေ့စက်မောင်းသင်တန်းဆင်းများမှ စနစ်တကျဖြင့် ရိတ်သိမ်းခြင်းတို့ကြောင့် လေလွင့်မှုများနည်းပါးကာ အထွက်နှုန်းတိုးခြင်းဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်း ကျေးရွာရှိ တောင်သူ ဦးစိန်မောင်သန်း၏ ဆင်းသုခမျိုးစေ့ထုတ်စိုက်ခင်း ဧက(၂၀)တွင် သစ်စိမ်းမြေဩဇာ ပိုက်ဆံလျှော်(၅)နှစ် မြေခံထည့်သွင်းခဲ့ပြီး ယခုနှစ်တွင် တိုင်းဟိ ဇီဝမြေဩဇာ တစ်ဧကလျှင် အရည်(၄)လီတာနှင့် အမှုန့် (၃၀)ကီလိုဂရမ် (၁၀)အိတ်ထည့် သွင်းဆောင်ရွက်ခဲ့ပြီး ဧက(၂၀)တွင် ယူရီးယား(၆)အိတ်သာ သုံးခဲ့သော်လည်း ယခုနှစ်ထက် ထူးခြားချက်များမှာ အပင်အမြင့်ပုံမှန်ထက် (၈)လက်မမှ (၁) ပေ အထိမြင့်ခြင်း၊ တစ်နှံပါ အစေ့များလာခြင်း၊ တစ်နှံပါအောင်စေ့များလာခြင်း၊ ကုန်းကျသောနေရာများတွင် အပင်ခြေအထက်(၂)လက်မခန့်မှ အမြစ်များ ထပ်မံထွက်ရှိလာခြင်း၊ ပင်စည် တောင့်တင်းခြင်း စသည်ဖြင့် တွေ့ရှိလာမှုအပေါ် ကွင်းဆင်းစစ်ဆေး၍ စံကွက်ရိတ်သိမ်း ခြင်းပြုလုပ်ချိန် မှတ်တမ်းများနှင့်တကွ ရှင်းလင်းတင်ပြနိုင်စေရေး မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေပြည်တန်ခန်းမတွင် ပြုလုပ်သည့် အိမ်မဲမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် ဘိုး/ဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်၍ “နိုင်ငံတော်မှ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုး/ဘွားများအား လူမှုရေးပင်စင်များ ထောက်ပံ့ပေးခြင်းနှင့် မြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များစုပေါင်း၍ အာဟာရပြည့် စားသောက်ဖွယ်ရာမျာဖြင့် ပေးအပ်ကန်တော့ခြင်း ဖြစ်ပါကြောင်း၊ ဘိုးဘွားများအား အိမ်တိုင်ရာရောက် ထောက်ပံ့ပေးခြင်းများရှိသကဲ့သို့ အုပ်ချုပ်ရေးအဖွဲ့များမှ ဆက်လက်ထောက်ပံ့ ပေးအပ်ခြင်းများလည်း ရှိပါကြောင်းနှင့် လိုအပ်သည်များကို သုံးဆောင်နိုင်ရန်လည်းဖြစ်ပါကြောင်း၊ အသက်(၈၅)နှစ်ထက် ဘိုးဘွားများသည် ပညာဉာဏ်နှင့် အတွေ့အကြုံများ ရင့်ကျက်သည့်သူများလည်း ဖြစ်ပါကြောင်း၊ ငယ်ရွယ်သူများအပေါ်တွင်လည်း စေတနာသဒ္ဒါတရား ထက်သန်စွာဖြင့် မိမိတို့ တတ်သိကျွမ်းကျင်သည့် အသိပညာ၊ ဗဟုသုတများဖြင့် ဆုံးမပဲ့ပြင်ခဲ့သူများလည်း ဖြစ်ပါကြောင်း၊ ဘိုးဘွားများအား သက်ရှည်ကျန်းမာစွာဖြင့် စုံစုံလင်လင်တွေ့ရှိရပြီး ထောက်ပံ့ငွေများ ပေးအပ်နိုင်သည့်အတွက်လည်း လွန်စွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း” ဂုဏ်ပြုအမှာစကားများ ပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အသက်(၈၅)နှစ်အထက် ဘိုး/ဘွားများအား လူမှုရေးပင်စင်၊ ဆန်နှင့် ကြက်ဥများ ထောက်ပံ့ပေးအပ်ပြီးနောက် တက်ရောက်လာကြသော သက်ကြီးဘိုး/ဘွားများ ကိုယ်စား အဘိုးတစ်ဦးက ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)