မိတ္ထီလာမြို့နယ် ဂွေးကုန်းကျေးရွာ ကျေးရွာကုန်ထုတ်လမ်း ဆောင်ရွက်ပြီးစီးပါက စိုက်ပျိုးမြေဧရိယာ ၁၂ဝဝဝ ဧကကို အကျိုးပြုနိုင်မည်

မိတ္ထီလာ အောက်တိုဘာ ၁၃

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ဂွေးကုန်းကျေးရွာတွင် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာ ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးပါက ကျေးရွာပေါင်း ၄ ရွာရှိ စိုက်ပျိုးမြေဧရိယာ ၁၂ဝဝဝ ဧကကို အကျိုးပြုနိုင်မည်ဖြစ်ကြောင်း ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး တာဝန်ရှိသူထံမှ သိရသည်။

၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာရေးနှစ်အတွင်းမှာ ခရိုင်အတွင်း ကျေးရွာကုန်ထုတ်လမ်းဆောင်ရွက်ခွင့်ရတဲ့ မိတ္ထီလာမြို့နယ် ဂွေးကုန်းကျေးရွာ ကုန်ထုတ်လမ်းဆောင်ရွက်ပြီးစီးသွားရင် ကျေးရွာပေါင်း ၄ ရွာက စိုက်ပျိုးမြေဧရိယာ ၁၂ဝဝဝ ဧကကို အကျိုးပြုနိုင်မှာဖြစ်ပါတယ်။ ဂွေးကုန်းကျေးရွာ ကုန်ထုတ်လမ်း အကျယ်က ၁၈ ပေနဲ့ လမ်းအရှည်က ၂ မိုင်၊ မြေသားတင် ဂျင်းလမ်းအမျိုးအစားဖြစ်ပါတယ်။ အဲဒီကုန်ထုတ်လမ်းပေါ်မှာ Slab Culvert ၂ စင်းလည်း ထည့်သွင်းဆောင်ရွက်သွားမှာပါ။ လက်ရှိတော့ ဂွေးကုန်းကျေးရွာ ကုန်ထုတ်လမ်းဆောင်ရွက်မှုက ၄ဝ ရာခိုင်နှုန်းပြီးစီး နေပြီဖြစ်ပါတယ်ဟု မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး တာဝန်ရှိသူမှ ပြောကြားသည်။

ကျေးရွာထုတ်ကုန်လမ်းများ ဖောက်လုပ်ခြင်းဖြင့် ကျေးရွာဒေသထွက်ကုန်များ စိုက်ပျိုးပြီးသီးနှံများ ရိတ်သိမ်း သယ်ဆောင်ရာတွင်လည်းကောင်း၊ ဈေးကွက်သို့ တိုက်ရိုက်တင်ပို့ရောင်းချရာတွင်လည်းကောင်း ယခင်ထက် ပိုမိုမြန်ဆန်အဆင်ပြေချောမွေ့နိုင်ပြီး ကျေးရွာဒေသများ၏ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း များစွာအထောက်အကူ ပြုမည်ဖြစ်ကြောင်း သိရသည်။

ချမ်းသာ