လားရှိုးမြို့တွင် မိုးစပါးမှော်ဘီကောက်ညှင်းမွှေး မျိုးစေ့ထုတ် (FS-RS) စိုက်ခင်း မျိုးကွဲနှုတ်ပယ်ခြင်း ဆောင်ရွက်

လားရှိုး အောက်တိုဘာ ၁၃

မိုးစပါးမှော်ဘီကောက်ညှင်းမွှေး မျိုးစေ့ထုတ် (FS-RS) စိုက်ခင်း မျိုးကွဲနှုတ်ပယ်ခြင်း သရုပ်ပြပွဲကို ယမန်နေ့နံနက် (၉)နာရီ အချိန်က လားရှိုးမြို့၊ ဟူးမွန်ကျေးရွာအုပ်စု၊ ရေပူကွင်းရှိ တောင်သူ ဦးစိုင်းလှကျော်၏ လယ်ကွင်းတွင် ကျင်းပပြုလုပ်သည်။

အဆိုပါ သရုပ်ပြပွဲသို့ လားရှိုးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးမင်းထွန်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝေဠုသတိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇော်နိုင်ဦး နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ တောင်သူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ လားရှိုးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌက ဒေသဝမ်းစာ ဖူလုံရေး၊ ပန်းတိုင်ရည်မှန်းချက် အထွက်နှုန်း ရရှိရေးတို့အတွက်  မျိုးကောင်း၊ မျိုးသန့် အသုံးပြုစိုက်ပျိုးရေး၊ သွင်းအားစုများ စနစ်တကျ သုံးစွဲရေး၊ အယ်လ်နီညို ရာသီဥတုဖြစ်စဉ် သက်ရောက်မှုကြောင့် ပိုးမွှားရောဂါများ ဖြစ်ပေါ်လာပါက ဘက်စုံကာကွယ် နှိမ်နှင်းရေး၊ မိုးစပါးပြီးပါက ဆောင်းသီးနှံများ စိုက်ပျိုးရေးတို့ကို ကြိုးပမ်းဆောင်ရွက်ရန် ပြောကြားသည်။

ထို့နောက် လားရှိုးမြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးစိုင်းတိုးတိုးက ဗီဇမှန်ကန်သော မျိုးသန့် မျိုးစေ့များရရှိရန် မျိုးကွဲနှုတ်ပယ်ခြင်း ဆောင်ရွက်ရမည့် နည်းလမ်းများနှင့် လားရှိုးခရိုင် သီးနှံကာကွယ်ရေးတာဝန်ခံမှ အယ်လ်နီညို သက်ရောက်မှုကြောင့် စပါးတွင် ကျရောက်နိုင်သော ရောဂါပိုးမွှားများ ကာကွယ်နှိမ်နင်းနည်းများကို အသိပညာပေး ပြောကြားပြီး စိုက်ပျိုးပညာပေးဝန်ထမ်းများနှင့် တောင်သူများက အနှံထွက် ပန်းပွင့်ချိန် မျိုးကွဲနှုတ်ပယ်ခြင်း သရုပ်ပြသ၍ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး)