မလှိုင်မြို့နယ်၌အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုး/ဘွား(၁၁၀၅)ဦးအား လူမှုရေးပင်စင် အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်

မလှိုင် အောက်တိုဘာ  ၁၂ 

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်ဦးဆောင်၍ မြို့ပေါ်ရပ်ကွက်(၄) ရပ်ကွက်နှင့်ကျေးရွာအုပ်စု(၅၂)အုပ်စုမှအုပ်ချုပ်ရေးမှူး များ၊ စာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များနှင့် မြို့နယ်အမျိုး သမီးရေးရာအဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့် အထက် သက်ကြီး ဘိုး/ဘွားများအား အိမ်တိုင်ရာရောက် ကိုယ်တိုင်သွားရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

အဆိုပါနေ့က  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးစိုးမင်းထက်နှင့် တာဝန်ရှိသူများသည် ဆုံတွင်းအုပ်စု၊ မကျီးပင်ပုကျေးရွာရှိ အဘိုး၊အဘွား(၂၁)ဦးတို့အတွက် ငွေကျပ် (၆)သိန်း(၃)သောင်းကျပ်ကိုလည်းကောင်း၊ မြောက်လည်ကျေးရွာအုပ်စု၊ ကျပ်ဖြူကျေးရွာရှိ အဘိုး၊ အဘွား(၂၀)ဦးတို့အတွက် ငွေကျပ်(၆)သိန်းကျပ်ကိုလည်းကောင်း၊ အဘိုး၊ အဘွားတို့အား နိုင်ငံတော်၏ ကိုယ်စားတာဝန်ရှိသူတို့မှ အိမ်တိုင်ရာရောက်သွား၍ အမျိုးသားလူမှုရေး ပင်စင်များကို တစ်ပြိုင်တည်း ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်သည်။

မလှိုင်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒုတိယသုံးလပတ် ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာလအတွက် လူမှုဝန်ထမ်းဦးစီးဌာနမှထောက်ပံ့ သည့်ထောက်ပံ့ငွေရရှိသည့် အသက် (၈၅)နှစ်နှင့် အထက် အဘိုး/အဘွားများအား တစ်လလျှင်(၁)သောင်းကျပ်နှုန်းနှင့် (၃)လလျှင်(၁)ကြိမ်ငွေ(၃)သောင်း ကျပ် ထောက်ပံ့ပေးအပ်ခဲ့ရာ မလှိုင်မြို့နယ်တွင် အဘိုး/အဖွား (၁၁၀၅)ဦးတို့အတွက် စုစုပေါင်း ငွေ (၃၃၁၅၀၀၀၀)ကျပ်ကို ပေးအပ်နိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ အဘိုးအဖွားများအနက် မလှိုင်မြို့နယ်တွင် အသက်(၁၀၀)နှင့်အထက် (၅)ဦးရှိ၍ ကျား(၁)ဦး၊မ(၄)ဦးရှိကြောင်း သိရသည်။

အဆိုပါထောက်ပံ့ငွေများပေးအပ်ခြင်းမှာ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ ဘေးအန္တရာယ်များအပေါ် ပြည်သူလူထု၏စီမံကျော်လွှားနိုင်မှုနှင့် ကြံ့ကြံ့ခံနိုင်မှုများမြှင့်တင်ရေး၊ ထုတ်လုပ်နိုင်စွမ်းရှိသော ရင်းနှီးမြှပ်နှံမှုများအား မြှင့်တင်ရေးနှင့် လူမှုရေးစည်းလုံး ညီညွတ်မှုတို့အားမြှင့်တင်နိုင်ရေးတို့အတွက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် လူမှုကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာအမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ပါအစီအစဉ်အရ အမျိုးသားလူမှုရေးပင်စင်များထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။အောင်ဌေး (မလှိုင်)