ရသေ့တောင်မြို့နယ်၌ မုန်တိုင်းသင့်ပြည်သူများအား စားအုံးဆီများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိ

ရသေ့တောင် အောက်တိုဘာ ၆

မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ မုန်တိုင်းသင့်ပြည်သူများ စားအုံးဆီများကို သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက်ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့ အရှေ့တောင်ရပ်ကွက်တွင် ယနေ့ညနေ(၄)နာရီက စားအုံးဆီများ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိသည်။

ထိုသို့ရောင်းချရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးသန်းဝင်းဦးဆောင်၍ မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ရသေ့တောင်မြို့နယ်တာဝန်ခံ ဦးထွန်းမြနှင့်တာဝန်ရှိသူတို့က စားအုံးဆီများကိုပေါက်ဈေးထက် သက်သာသောဈေးနှုန်းဖြင့် စားအုံးဆီ တစ်ပိဿာလျှင် ငွေကျပ် ၅၂၀၀ ကျပ်နှုန်းနဲ့ အိမ်ထောင်စုတစ်စုလျှင် တစ်ပိဿာနှုန်းဖြင့် စားအုံးဆီပိဿာ ၅၅၀ ပိဿာကို လာရောက်ရောင်းချပေးခဲ့ကြောင်းသိရသည်။

မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ မုန်တိုင်းသင့်ပြည်သူများ စားအုံးဆီများကို သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက်မြို့ပေါ်ရပ်ကွက်အသီးသီးသို့များသို့ သွားရောက်ရောင်းချပေးမည်ဖြစ်ကြောင်း တာဝန်ရှိသူထံမှသိရှိရသည်။

ထွန်းလင်းကျော် (ပြန်/ဆက်)