မုဒုံ အောက်တိုဘာ ၁၂
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် တောင်သူများ စိုက်ပျိုးသီးနှံများအထွက်တိုးစေပြီး ဝင်ငွေများတိုးပွားစေရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက အသိပညာပေးဟောပြောခြင်းနှင့် မျိုးစေ့များထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့က မြို့နယ်အတွင်းရှိကျေးရွာလေးရွာ၌ ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် မုဒုံမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ငွေမှီနှင့် ဝန်ထမ်းများက ကွမ်လှာ၊ ရောင်းဒေါင်း၊ ဆက်သွယ်၊ ဖယ်ဒိုကျေးရွာများရှိ တောင်သူများနှင့်တွေ့ဆုံကာ မိုးစပါးသီးနှံတွင် ကျရောက်တက်သည့် ပိုးမွှားရောဂါများ ကာကွယ်နှိမ်နင်းနိုင်ရန် အကြောင်းအရာများပြောကြားခြင်း၊ ရော်ဘာခြံများနှင့် အပင်ငယ်များ စနစ်တကျပြုစုထိန်းသိမ်းနည်းနှင့် အပင်ကိုင်းဖြာထွက်အောင် ပြုပြင်ခြင်းတို့ကို ကွင်းဆင်းပြသဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တောင်သူများမျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေးအတွက် နွေစပါး စိုက်တောင်သူများနှင့် ရော်ဘာစိုက်တောင်သူများကို တာဝန်ရှိသူများက မျိုးစေ့များ အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သားငယ် (ပြန်/ဆက်)