သရက် အောက်တိုဘာ ၁၂
မကွေးတိုင်းဒေသကြီး သရက်မြို့၌ အလယ်တန်းဆင့် ပြီးမြောက်အောင်မြင်ပြီးသော ကျောင်းသား/ကျောင်းသူများအား စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်းသို့ ပညာသင်ယူနိုင်မည့် အခွင့်အလမ်းနှင့် စပ်လျဉ်း၍ အသိပညာပေး ဆွေးနွေးပွဲ ကျင်းပခြင်း အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီက အမှတ်(၃) အခြေခံ ပညာအထက်တန်းကျောင်း(ခွဲ) အလကကျောင်း၌ ကျင်းပခဲ့ရာ ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းသား မိဘများ တက်ရောက်ကြသည်။
အဆိုပါ အခမ်းအနားတွင် ဒုတိယမြို့နယ် ပညာရေးမှူး ဦးဝင်းဆွေက အဖွင့်အမှာစကား ပြောကြားပေးခဲ့ပြီး မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနခရိုင် ဦးစီးမှူး ဒေါက်တာခင်ဌေးမြင့် မွေးမြူရေး အတတ်ပညာ သင်ယူနိုင်မည့် အခွင့်အလမ်းများ ရှင်းလင်းပြောကြားရာမှာ မွေးမြူရေး အတတ်ပညာတွင် အခြေခံပညာ အထက်တန်းဆင့် ဘာသာရပ်အပြင် မွေးမြူရေး အတတ်ပညာဆိုင်ရာ ဘာသာရပ်ကို ပညာသင်ကာလ(၃)နှစ်တွင် စာတွေ့လက်တွေ့ဖြင့် လုပ်ငန်းခွင်အသင့် ဖြစ်စေမည့် သင်ရိုးညွှန်းတမ်းများ အသုံးပြု၍ သင်ကြားလေ့ကျင့်ပေးမည် ဖြစ်ကြောင်း ပြောကြားပေးခဲ့သည်။
ထို့နောက် အစိုးရလက်မှုသိပ္ပံ(သရက်)ကျောင်းမှ ဦးသီဟကျော်ဇင်က စက်မှု၊ နည်းပညာ သင်ယူနိုင်မည့် အခွင့်အလမ်းများနှင့် ပတ်သက်၍ ပြောကြားပေးခဲ့ပြီး မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမိုးကမ္ဘာက စိုက်ပျိုးရေးအတတ်ပညာ သင်ယူနိုင်မည့် နည်းလမ်းများ ပြောကြားရာမှာ စိုက်ပျိုးရေး အတတ်ပညာတွင် အခြေခံပညာ အထက်တန်းဆင့် ဘာသာရပ်များအပြင် စိုက်ပျိုးရေး အတတ်ပညာဆိုင်ရာ ဘာသာရပ်များကို ပညာသင်ကာလ(၃)နှစ်တွင် စာတွေ့လက်တွေ့ဖြင့် လုပ်ငန်းခွင် အသင့်ဖြစ်စေမည့် သင်ရိုးညွှန်းတမ်းများ အသုံးပြု၍ သင်ကြားလေ့ကျင့်ပေးမည်ဖြစ်ကြောင်း ပြောကြားပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)