မြစ်ကြီးနား အောက်တိုဘာ ၁၂
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉) ရပ်၊ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့်အညီ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းစီမံကိန်းများကို နှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်သည် ယမန်နေ့နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
လုပ်ငန်းညှိနှိုင်းဆွေးနွေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးမွေးမြူရေးကို အခြေခံပြီး အရှိန်အဟုန်ဖြင့် တိုးတက်မြင့်မားအောင် အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ၈ ဘီလီယံလုံးကို ရင်းနှီးမတည်နိုင်ခဲ့ပြီး ပထမ(၆)လအတိုးရငွေများကိုလည်း အရှိန်အဟုန်မပျက် ပြန်လည် လည်ပတ် နိုင်ရေး မတည်ပေးလျက်ရှိကြောင်း၊ ထို့အပြင် MSME လုပ်ငန်းများ တိုးတက်မြှင့်မားရေးအတွက် အား ပေးမြှင့်တင်မှုကိုလည်း တိုးမြှင့်ဆောင်ရွက်ရန်လိုကြောင်း၊ ယခုနှစ်တွင် ပြည်နယ်အတွင်း မိုးစပါးစိုက် ဧက ၅ သိန်းကျော် တိုးမြှင့်လာမှုအပေါ် ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် မိုးစပါးရိတ်သိမ်းချိန် သီးထပ် သီးညှပ်များမြန်ဆန်စွာစိုက်ပျိုးနိုင်ရေး ချိတ်ဆက်စည်းရုံးဆောင်ရွက်သွားရေး၊ လိုအပ်သည့် သွင်းအား စုများ၊ စိုက်ပျိုးရေလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးကိုလည်း စနစ်တကျကြိုတင်စီမံဆောင်ရွက် သွားရန်လိုကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်မြင့်မား ရေးကို မျှော်မှန်းပြီး ရှေ့လုပ်ငန်းစီမံကိန်းများအပေါ် သုံးသပ်ဆွေးနွေး အကောင်အထည်ဖော်ဆောင် ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ် အစိုးရအဖွဲ့မှ ဘဏ္ဍာနှစ်အလိုက် ပြည်ထောင်စုနှင့် ပြည်နယ်ဘဏ္ဍာရန်ပုံငွေများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ဌာနအလိုက် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုများ ဆောင်ရွက်ခဲ့မှု အခြေအနေများ၊ ရှေ့လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ အကောင် အထည်ဖော်ဆောင်ရွက်သွားမည့် လုပ်ငန်းစီမံကိန်းများကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြရာ ပြည်နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာဌာနအလိုက် အကောင်အထည်ဖော်ဆောင်ရွက် နိုင်မှုနှင့် ရှေ့လုပ်ငန်းစဉ်များအပေါ် ဖြည့်စွက်ဆောင်ရွက်သွားမည့် လုပ်ငန်းစီမံကိန်းများ၊ ခရီးသွား လုပ်ငန်းကဏ္ဍမြှင့်တင်နိုင်ရေး ဆောင်ရွက်သွားမည့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြသည်။
တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ရေအားလျှပ်စစ်စီမံကိန်းများ အကောင် အထည်ဖော်နိုင်ရေး၊ ပူတာအိုဒေသနှင့် တနိုင်းဒေသဝမ်းစာဖူလုံရေးအတွက် စီမံချက်ရေးဆွဲဆောင် ရွက်နိုင်ရေး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့်အတူ ယမန်နေ့ နံနက် ၇ နာရီခွဲက မြစ်ကြီးနားမြို့ သန့်ရှင်းသာယာလှပရေးအတွက် အပတ်စဉ် တနင်္လာနေ့မှ စနေနေ့အထိ ဆောင်ရွက်လျက်ရှိသည့် စည်ပင်သာယာရေးအဖွဲ့ အရာထမ်း/ အမှုထမ်းများ၊ Kachin State Clean & Green Team အဖွဲ့ဝင်များ၏ မြို့သစ်ကြီးရပ်ကွက်အတွင်း မလိဇွပ်ဆေးရုံရှေ့မှ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် လမ်းဘေးဝဲ/ ယာများရှိ သစ်ပင်ခြုံနွယ် များ ခုတ်ထွင်ရှင်းလင်းပေးခြင်း၊ လမ်းလယ်ကျွန်းအတွင်း ပန်းပင်များ စိုက်ပျိုးခြင်း၊ အမှိုက်များ ကောက်ယူခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးတို့သည် ယမန်နေ့ညနေပိုင်းက ပြည်နယ် အစိုးရအဖွဲ့ရုံးရှေ့ ရုံးကြီးလမ်းတစ်လျှောက် လမ်းဘေးဝဲ/ယာတို့တွင်လည်း စည်ပင်သာယာရေးအဖွဲ့ အရာထမ်း၊ အမှုထမ်းများ၊ Kachin State Clean & Green Team အဖွဲ့ဝင်များနှင့်အတူ သစ်ပင်များ ခုတ်ထွင်ရှင်းလင်းပေးခြင်း၊ ရေမြောင်းများ တူးဖော်ခြင်း၊ အမှိုက်များ ကောက်ယူခြင်း၊ မြေယာရှုခင်း ပြုပြင်ခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြပြီး ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် စည်ပင်သာယာရေး အဖွဲ့က ဝယ်ယူထားသည့် Tank Carrier အမှိုက်သိမ်းယာဉ် ၅ လုံး ရောက်ရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ ကြကာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်အစိုးရအဖွဲ့ငွေလုံးငွေရင်းရန်ပုံငွေကျပ် (၁၁၈၈)သန်း ဖြင့် မြို့အင်္ဂါရပ်နှင့်အညီ မြစ်ကြီးနားမြို့၌ အသစ်တည်ဆောက်သွားမည့် မြို့တော်ခန်းမသစ်တည် ဆောက်နိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရှိရသည်။
ပြည်နယ်ပြန်/ဆက်